News

POST TYPE

EDITOR PICK POST

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ငါးပေါင်းမှုန့်စက်ရုံ ပိတ်သိမ်းရန် ဒေသခံပြည်သူ ၂၀၀ ကျော် ဆန္ဒထုတ်ဖော်
17-May-2018 tagged as ဆန္ဒပြ ရန်ကုန်



ရန်ကုန်၊ မေ ၁၆

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ညောင်ပင်ရွာ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းစီမံကိန်း၊ ဇုန် ၁ တွင် ဆောက်လုပ်ထားသည့် ငါးပေါင်းမှုန့်စက်ရုံမှ အနံ့ဆိုးများ ထွက်ရှိသည့်အတွက် ပတ်ဝန်းကျင်နေပြည်သူများ၏ ကျန်းမာရေးထိခိုက်စေသည့်အတွက် စက်ရုံပိတ်သိမ်းပေးရန် ဒေသခံပြည်သူ ၂၀၀ ကျော်သည် မေလ ၁၆ ရက် နံနက် ၁၀ နာရီတွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

အဆိုပါငါးပေါင်းမှုန့်စက်ရုံမှ ထွက်ရှိသည့်အနံ့ဆိုးများသည် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေး ထိခိုက်စေသည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သည့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုမင်းကိုနိုင်က ပြောကြားသည်။

“ဒီစက်ရုံက ငါးတွေကို ပြုတ်တယ်။ ပေါင်းတယ်၊ အမှုန့်ဖြစ်အောင် လုပ်တယ်။ ငါးတွေလုပ်တဲ့နေရာမှာလည်း ငါးခြောက်၊ ငါးပိလုပ်လို့ အဆင်မပြေတဲ့ အောက်ဆုံးအဆင့် လွင့်ပစ်ရမယ့် ငါးမျိုး၊ ပါကင်ငါးလို့ ခေါ်ပါတယ်။ အဲဒီငါးမျိုးကို ကြိတ်ပြီးတော့ ကြက်စာလုပ်တယ်လို့ သိရပါတယ်။ တိုင်တာလည်း အခေါက်ပေါင်းမနည်းတော့ဘူး။ တိုင်လိုက်ရင် တစ်ပတ်ဆယ်ရက် နားသွားတယ်။ ပြန်လည်တယ်။ အခုကတော့ ဆက်တိုက် ဆက်လည်နေတဲ့အတွက် ဆန္ဒထုတ်ဖော်ရတာပါ”ဟု ၎င်းက ဆိုသည်။

ငါးပေါင်းမှုန့်စက်ရုံပိတ်သိမ်းရန် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မြို့နယ်ရဲတပ် ဖွဲ့မှူးရုံးထံတွင် မေလ ၁၃ ရက်က တရားဝင် ဆန္ဒထုတ်ဖော်ရန် အကြောင်းကြားစာ ပို့ခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြသည့် ပြည်သူများက ဆိုသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ဇုန် (၁) တွင် တည်ဆောက်ထားသည့် ငါးပေါင်းမှုန့်စက်ရုံကို ၂၀၁၆ ခုနှစ်က တည်ဆောက်ခဲ့ပြီး ယင်းစက်ရုံကို တရုတ်နိုင်ငံသားမှ ပိုင်ဆိုင်ကာ လုပ်ကိုင်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

“အဲဒီငါးပေါင်းမှုန့်စက်ရုံက လိုင်စင် ရှိပါတယ်။ ဒါပေမဲ့ သက်တမ်းပြည့်ပြီး ဒိတ်အောက်နေပြီ။ သက်တမ်းတိုးဖို့ကျတော့ အပေါ်ကလူကြီးတွေက စိစစ်နေတယ်။ လိုင်စင်ချပေးဖို့ စိစစ်နေတယ်။ ဆန္ဒပြတဲ့ ပြည်သူတွေအနေနဲ့ သူတို့မိသားစုရဲ့ ဆန္ဒဖော်ထုတ်တာပါ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းနှင့်အနံ့ လုပ်ငန်းစီမံကိန်းဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်း စီမံကိန်း ဇုန် ၁ တွင်နေထိုင်သည့် ဒေသခံပြည်သူများမှ ငါးပေါင်းမှုန့်စက်ရုံ ပိတ်သိမ်းရေး၊ လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အခက်အခဲ တင်ပြပေးရေး၊ နိုင်ငံတော်အစိုးရမှ ပြည်သူများ ကျန်းမာရေးအတွက် ဆောင်ရွက်ရေးနှင့် ပြည်သူများ ကျန်းမာရေးအတွက် စက်ရုံများပိတ်သိမ်းရေး စသည့်အချက် ၄ ချက်ကို အဓိကထားကာ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်း စီမံကိန်း ဇုန် (၁) ၄ လမ်းမှ စတင်ကာ ၃ လမ်းထောင့်ရှိ စက်မှုဇုန်ရုံး ရှေ့လမ်းမပေါ်တွင် နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြသူများထံမှသိရသည်။

J-10