News

POST TYPE

EDITOR PICK POST

သံအရည်ကျိုလုပ်ငန်းများကို နည်းပညာပိုင်း ဝန်ဆောင်မှုပေးမည်
16-May-2018

ရန်ကုန်၊ မေ ၁၅

ပြည်တွင်းရှိ သံအရည်ကျိုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်များကို အကြံပေးဆွေးနွေးတိုင်ပင်ပေးမည့်ဝန်ဆောင်မှု (Consultation Service) ကို ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။ 

နည်းပညာပိုင်းပံ့ပိုးဟောပြောပေးရန်အတွက် တောင်ကိုရီးယားနိုင်ငံမှ သံအရည်ကျိုနည်းပညာများကို နှစ်ပေါင်း ၃၀ ကျော် ဆောင်ရွက်ခဲ့သည့် Mr. Kim Nan Kang ကို ဖိတ်ခေါ်ထားပြီး အဆိုပါ ပုဂ္ဂိုလ်က ဟောပြောအကြံပေးမည်ဖြစ်ကာ နည်းပညာဝန်ဆောင်မှုပေးမည့် အစီအစဉ်ကို စက်မှုဝန်ကြီးဌာနနှင့် တောင်ကိုရီးယားနိုင်ငံမှ JUNGJIN Company နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

“ကိုရီးယားကပညာရှင်က သံအရည်ကျိုနဲ့ပတ်သက်ပြီး ဘာတွေထပ်လုပ်ရမယ်ဆိုတဲ့ နည်းပညာပိုင်းကို အကြံပေးမှာပါ။ လုပ်ငန်းရှင်တွေက နည်းပညာအကြံဉာဏ်ရယူချင်တယ်ဆိုရင် ကျွန်မတို့ ဌာနကို ဆက်သွယ်စာရင်းပေးလို့ရပါတယ်။ လုပ်ငန်းရှင်တွေဘက်က ဘာသာပြန်တစ်ယောက် ခေါ်ပေးရမယ်။ ပြည်တွင်းသွားလာခတွေ ကျခံပေးရပါမယ်” ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဌာနခွဲမှူး ဒေါ်စုစုစံက ပြောကြားသည်။ 

သံအရည်ကျို ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စေရန်အတွက် နည်းပညာပိုင်း အကြံပေးဟောပြောမှုကို မန္တလေး၊ ပဲခူးနှင့် မုံရွာမြို့တို့မှ သံအရည်ကျိုလုပ်ငန်းရှင်များ ဆက်သွယ်ရယူနိုင်ပြီး ရန်ကုန်တိုင်းတွင် နည်းပညာအကြံပေးဝန်ဆောင်မှု ဆောင်ရွက်ပြီးပြီဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ 

သံအရည်ကျိုလုပ်ငန်းရှင်များအနေနှင့် နည်းပညာပိုင်းအကြံပေးဟောပြောမှုရယူလိုပါက ပထမအကြိမ်တွင် ဘာသာပြန်ငှားရမ်းခ၊ ပြည်တွင်းသွားလာခ ကျခံပေးရမည်ဖြစ်ပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်တွင် ဘာသာပြန်ငှားရမ်းခ၊ ပြည်တွင်းသွားလာခ၊ လေယာဉ်လက်မှတ်ခနှင့် ဟိုတယ်ခများ ကျခံပေးရမည်ဖြစ်ကာ စတုတ္ထအကြိမ်တွင် နည်းပညာအကြံပေးဝန်ဆောင်ခ ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

“အခုလို ကိုရီးယားကပညာရှင် ကိုယ်တိုင်လာပြီး အရည်ကျိုလုပ်ငန်းတွေကို နည်းပညာဟောပြောပေးမှာ ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပေါ်လစီက မငြိမ်တဲ့အတွက် သူလာပြောလည်း ဘာမှမထူးဘူး။ သူ့ရဲ့သွားလာခတွေ၊ လေယာဉ်ခတွေနဲ့ တည်းခိုခတွေကို လုပ်ငန်းရှင်ကပဲ ကျခံပေးရမယ်ဆိုတာကိုလည်း ကျွန်တော့်အမြင်ပြောရရင် သိပ်သဘောမကျဘူး” ဟု ကားအရည်ကျိုလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးဖြစ်သည့် ဦးကိုဦးက ထောက်ပြပြောကြားသည်။

J-11