News

POST TYPE

EDITOR PICK POST

အီရန်နှင့်အစ္စရေး ဒုံးကျည်များဖြင့် အပြန်အလှန်ပစ်ခတ်
11-May-2018



တဲလ်အဗစ်၊ မေ ၁၀

မျက်မှောက်ကာလတွင် အီရန်နှင့် အစ္စရေးအကြား တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်မှုအဖြစ် ဒေသတွင်းရန်ဘက်နှစ်ဦးသည် ဒုံးကျည်များဖြင့် ညလုံးပေါက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

အီရန်နျူကလီးယားသဘောတူ စာချုပ်မှ အမေရိကန်နုတ်ထွက်သွားပြီးနောက် အစ္စရေးနှင့်အီရန်အကြား ဆက်ဆံရေး တင်းမာနေချိန်တွင် ယခုပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားတွင်တပ်စွဲထားသော အီရန်တပ်ဖွဲ့များက အစ္စရေးသိမ်းပိုက်ထားသည့်နယ်မြေအတွင်းသို့ မေလ ၁၀ ရက်နေ့ နှောင်းပိုင်းတွင် ဒုံးကျည် ၂၀ ကျော် ပစ်ခတ်ခဲ့သည်ဟု အစ္စရေးဘက်က စွပ်စွဲထားသည်။

ဒုံးကျည်အများစုကို အစ္စရေး၏ သံကွန်ချာဒုံးခွင်းစနစ်ဖြင့် ကြားဖြတ်ဟန့်တားခဲ့ရာ ကောင်းကင်ယံတွင် တောက်ပသော မီးတောက်မီးလျှံများ ဖြစ်ပေါ်ခဲ့ပြီး ပေါက်ကွဲသံကြီးများဖြစ်ပေါ်ခဲ့သည်။

အီရန်ဘက်မှ ၎င်းတို့လက်ချက်ဟု အတည်မပြုသေးသော်လည်း အတည်ဖြစ်ပါက ပထမဆုံးအကြိမ် အီရန်တပ်ဖွဲ့များက အစ္စရေးတပ်ဖွဲ့များကို ဒုံးကျည်ဖြင့်ပစ်ခတ်မှုဖြစ်လာမည်ဖြစ်သည်။

အစ္စရေးက လက်တုံ့ပြန်သည့်အနေနှင့် မြေပြင်မှမြေပြင်ပစ်ဒုံးကျည်များဖြင့် ဆီးရီးယားနိုင်ငံတွင်းရှိ အီရန်တပ်များ ခြေကုပ်ယူထားသည်ဟု ယူဆရသော နေရာများကို ပြန်လည်ပစ်ခတ်ခဲ့ရာ ဆီးရီးယားမှ လေယာဉ်ဖျက်ဒုံးများဖြင့် ပြန်လည်ပစ်ခတ်ဖျက်ဆီးခဲ့သည်။

အစ္စရေး၏လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဆီးရီးယားနှင့်အစ္စရေးနယ်စပ်တွင် မိုးခြိမ်းသံသဖွယ် ပေါက်ကွဲသံများ မြည်ဟည်းနေခဲ့ပြီး ထိမှန်ပေါက်ကွဲသွားချိန်တွင်လည်း ပဲ့တင်သံများကြားနေရသည်။

တစ်ညလုံး မောင်းသူမဲ့လေယာဉ်များ ကောင်းကင်ယံတွင် ပျံဝဲနေသံများပါကြားနေရသည်ဟု CNN သတင်းဌာနက ဖော်ပြထားသည်။

ဆီးရီးယားတွင် တပ်စွဲထားသော အီရန်တော်လှန်ရေးအစောင့်တပ်မှ အထူးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော Qud တပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သန်းခေါင်ကျော်ပြီး ၁၀ ရက်နေ့ဝင်စတွင် အစ္စရေးကာကွယ်ရေးတပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ်က ပြစ်တင်စွပ်စွဲခဲ့သည်။

အီရန်ပစ်လွှတ်လိုက်သည်ဆိုသော ဒုံးကျည်များသည် ဂိုလန်ကုန်းမြင့်တွင် တပ်စွဲထားသော အစ္စရေးတပ်ဖွဲ့များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးဒုတိယဗိုလ်မှူးကြီး ဂျိုနသန်ကော်နီးကပ်စ်က ပြောကြားခဲ့သည်။

ဒုံးကျည်များကို လေကြောင်း ကာကွယ်ရေးက ပစ်ချနိုင်ခဲ့သည်ရှိသကဲ့သို့ ကျော်ထွက်မလာဘဲ ဆီးရီးယားမြေတွင်သာ ပြုတ်ကျပျက်စီးသွားခဲ့မှုများလည်းရှိကြောင်း ကော်နီးကပ်စ်က ပြောကြားသွားသည်။

အစ္စရေးက ဆီးရီးယားရှိ အီရန်စစ်စခန်းများကို ပစ်မှတ်ထားကာ ဒုံးကျည်များဖြင့် ပစ်ခတ်တုံ့ပြန်ခဲ့သည်ဟု ကော်နီးကပ်စ်က ဆိုသည်။

“ဆီးရီးယားနိုင်ငံတွင်းမှာရှိတဲ့ အီရန်အဆောက်အအုံအားလုံးနီးပါးကို ထိမှန်သွားခဲ့ပါတယ်။ အစ္စရေးမှာ မိုးလာရွာလို့ကတော့ တခြားတစ်ဖက်မှာ ကမ္ဘာဖျက်မိုးကြီးရွာပြီး ရေလွှမ်းသွားမယ်”ဟု ကော်နီးကပ်စ်က ကြုံးဝါးခဲ့သည်။

အစ္စရေးဘက်မှ ဒုံးကျည်များကို ဆီးရီးယားဝေဟင်တွင် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း၊ ဒုံးနှစ်စင်းမှာမူ လက်နက်ခဲယမ်းသိုလှောင်ရုံကို ထိမှန်ခဲ့ပြီး ရေဒါစခန်းတစ်ခုလည်း ပျက်စီးသွားကြောင်း နာရီပိုင်းအကြာတွင် ဆီးရီးယားနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ကြေညာခဲ့သည်။

F-03