News

POST TYPE

EDITOR PICK POST

မြန်မာနိုင်ငံသို့ ရဲလုပ်ငန်းသုံးပစ္စည်းများ တရုတ်အစိုးရက ထောက်ပံ့မည်
ရန်ကုန်၊ မေ ၁၀

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနသို့ ရဲတပ်ဖွဲ့သုံး မော်တော်ယာဉ် အပါအဝင် မှုခင်းစုံစမ်းရေး၊ မူးယစ်ဆေး ရှာဖွေတားဆီးရေး လုပ်ငန်းစဉ်များတွင် အသုံးပြုရန် အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“ဝန်ကြီးအဆင့် အစည်းအဝေးမှာ ရဲတပ်ဖွဲ့မှာ လိုအပ်တဲ့ ရဲလုပ်ငန်းသုံးပစ္စည်း၊ ရှာဖွေရေးပစ္စည်းတွေ တရုတ်က ကူညီပေးမယ်ပေါ့။ မော်တော်ယာဉ်တွေလည်း ပါမယ်ပြောတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ သဘောတူညီမှုကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီး Mr. Zhao Kezhi ဖြင့် တွေ့ဆုံ၍ အထက်ပါအတိုင်း နှစ်ဖက် လက်မှတ်ရေထိုးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လှည့်ကင်းသုံး မော်တော်ယာဉ်များ၊ ယာဉ်ထိန်းရဲတပ်သုံး မော်တော်ဆိုင်ကယ်များ ကူညီထောက်ပံ့ပေးခဲ့ဖူးသည်။

အလားတူ ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်၊ ရုရှားတို့မှလည်း ငွေကြေးခဝါချမှုဖြစ်စဉ်များကို စုံစမ်းထောက်လှမ်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နည်းပညာသင်တန်းများကို နှစ်စဉ် မြန်မာနိုင်ငံဆိုင်ရာ အဆိုပါ သံရုံးများမှတစ်ဆင့် ချိတ်ဆက်၍ လာ ရောက်သင်ကြားလျက်ရှိသည်။

အဆိုပါ ဝန်ကြီးအဆင့် တွေ့ဆုံမှု၌ မြန်မာ-တရုတ် နှစ်နိုင်ငံအဆင့် လုံခြုံရေးနှင့် ဥပဒေစိုးမိုးရေးကို ပူးပေါင်းလုပ်ဆောင်ရန် မဲခေါင်ဒေသတွင်း ပျံ့နှံ့နေသော မူးယစ်ဆေးဝါးဖြစ်စဉ်များ တားဆီးနှိမ်နင်းရေးအတွက် တင်းကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ၂၀၁၃ ခုနှစ်က ဥရောပ သမဂ္ဂ (EU) နှင့်ပူးပေါင်း၍ ရဲတပ်ဖွဲ့ဝင်များကို လူစု လူဝေး အဓိကရုဏ်းဖြစ်စဉ် ဖြေရှင်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များဖြင့် လာရောက် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

J-17