News

POST TYPE

EDITOR PICK POST

ဒမတ်စကတ်အနီး လေကြောင်း တိုက်ခိုက်မှုအတွက် အစ္စရေးကို ဆီးရီးယား အပြစ်တင်
09-May-2018


ဒမတ်စကတ်၊ မေ ၉

မြို့တော်ဒမတ်စကတ်တောင်ဘက်ရှိ အခြေစိုက် စစ်စခန်းတစ်ခုကို အစ္စရေးက လေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင် မီဒီယာက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အင်္ဂါနေ့က ကစ်စဝါးနယ်မြေတွင် အစ္စရေးဒုံးကျည်နှစ်စင်းကို ဆီးရီးယား လေကြောင်းကာကွယ်ရေးတပ်က ပစ်ချခဲ့သည်ဟု ဆာနာသတင်းဌာနက ထုတ်ပြန်သည်။

အဆိုပါဖြစ်ရပ်အတွင်း ထိခိုက်သေကျေမှု မရှိကြောင်း ဆာနာက သတင်းထုတ်ပြန်ထားသော်လည်း အကဲခတ် စောင့်ကြည့်ရေး အုပ်စုကမူ အီရန်ကို ထောက်ခံအားပေးသော တပ်ဖွဲ့ဝင်များ အပါအဝင် အစိုးရလိုလားသော တပ်ဖွဲ့ဝင် အနည်းဆုံး ကိုးဦးခန့်သေဆုံးခဲ့ရသည်ဟု ပြောကြားသွားသည်။

အင်္ဂါနေ့အစောပိုင်းက အဆိုပါနယ်မြေရှိ စစ်စခန်းတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သည်ဟု သတင်းများက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှု၏ ပစ်မှတ်မှာ လက်နက်သိုလှောင်ရုံဖြစ်ပြီး အီရန် တော်လှန်ရေး အစောင့်တပ်မှ တပ်ဖွဲ့ဝင်အချို့နှင့် ဆီးရီးယားပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်ဟု ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအုပ်စုက ပြောကြားသည်။

အဆိုပါသတင်းကို အစ္စရေးဘက်က မှတ်ချက်ပေးထားခြင်း မပြုသော်လည်း ဆီးရီးယားတွင် အီရန်၏ စစ်ဘက်ဆိုင်ရာ အခြေချမှုဟု ယူဆရသော အရာများကို ရပ်ဆိုင်းသွားစေရန် ပြုလုပ်မည်ဟု ပြောကြားသွားသည်။

ဆီးရီးယား၏ပြည်တွင်းစစ် ၇ နှစ်ကာလအတွင်း အီရန်က စစ်ဘက်အကြံပေး ရာဂဏန်းနှင့် တပ်ဖွဲ့ဝင် ထောင်ဂဏန်း စေလွှတ်ပေးခဲ့သည်။

အင်္ဂါနေ့က တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သောနေရာတွင် စစ်စခန်းတစ်ခု ဆောက်လုပ်နေသည်ဟု သိရှိရသည်။

ကစ်စဝါးအနီး ဆီးရီးယားစစ်တပ်က အသုံးပြုခဲ့သော နေရာတွင် အီရန်က စစ်ဘက်အခြေစိုက်စခန်းတစ်ခု တည်ဆောက်နေသည်ဟု အနောက်အုပ်စု ထောက်လှမ်းရေး သတင်းဇာစ်မြစ်များက ဘီဘီစီသို့ မနှစ်က ပြောကြားခဲ့သည်။

အီရန်ကလည်း ဆီးရီးယားရှိ ၎င်း၏ စစ်ဘက် အဆောက်အအုံများ လေကြောင်းတိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ရန် ဆုံးဖြတ်ထားသည်ဟုဆိုသည်။

အစ္စရေးက သိမ်းယူထားသော ဆီးရီးယားနယ်မြေဖြစ်သည့် ဂိုလန်ကုန်းမြင့်တွင် ပုံမှန် မဟုတ်သော အီရန်စစ်ဘက် လှုပ်ရှားမှုများကို ထောက်လှမ်းတွေ့ရှိရသည်ဟု အစ္စရေးက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါနယ်မြေတွင် အမြင့်ဆုံးအဆင့် တပ်လှန့်ထားကာ ဗုံးခိုကျင်းများကိုလည်း ဖွင့်ထားရန် ညွှန်ကြားထားသည်။

အစ္စရေးအပေါ် ကျူးကျော်ရန်စမှု မှန်သမျှ ပြင်းထန်သော တုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဟု အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန်ကော်ရီကပ်စ်က ပြောကြားသည်။

ဆီးရီးယားစစ်ပွဲ စတင်ပြီးသည့် နောက်ပိုင်း ဂိုလန်ကုန်းမြင့်ရှိ ဗုံးခိုကျင်းများကို အသင့်ပြင်ဆင်ထားကြရန် ညွှန်ကြားမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သတင်းများကဆိုသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက အီရန်နျူကလီးယားစာချုပ်မှ သမ္မတထရမ့် နုတ်ထွက်မည့် အစီအစဉ်ကို ၎င်းအနေနှင့် အပြည့်အဝ ထောက်ခံအားပေးကြောင်းနှင့် ယင်းစာချုပ်သည် အီရန်၏ ရန်စကျူးကျော်မှုကို တိုးမြင့်လာစေကြောင်း ပြောကြားထားသည်။ 

F-04