News

POST TYPE

EDITOR PICK POST

ဂျာမနီတွင် ရာဇဝတ်မှုဖြစ်ပွားနှုန်း လျော့သွားသော်လည်း မြင့်တက်လာမည်ကို စိုးရိမ်
09-May-2018



ဘာလင်၊ မေ ၈

ဂျာမနီနိုင်ငံတွင် ရာဇဝတ်မှုဖြစ်ပွားနှုန်း ကိန်းဂဏန်းများကို ပြည်ထဲရေးဝန်ကြီးက အင်္ဂါနေ့တွင် ထုတ်ပြန်လိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ပြည်ထဲရေးဝန်ကြီးသစ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ၂၅ နှစ်အတွင်း ရာဇဝတ်မှုအများဆုံး ကျဆင်းသွားခြင်း၊ ဖောက်ထွင်းခိုးယူမှု ၂၀ ရာခိုင်နှုန်း လျော့နည်းသွားခြင်း၊ လူငယ်ဆက်နွှယ်သော အကြမ်းဖက်မှု သိသာစွာကျဆင်းသွားခြင်းစသော ခေါင်းစဉ်များ ပါဝင်သည်။

သို့ရာတွင် ထိုကိန်းဂဏန်းများသည် လွန်ခဲ့သောနှစ်များက လူထု၏ လုံခြုံစိတ်ချမှုမျိုးကို ပြန်လည်ရယူပေးနိုင်ခြင်း မရှိတော့ပေ။ အရာရာသည် ဒုက္ခသည် ပြဿနာစတင်ချိန်တွင် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

“တစ်ဖက်မှာလည်း မီဒီယာရဲ့ သဘောသဘာဝလို့ပဲ ပြောရမလား။ သတင်းဆိုးကသာ သတင်းကောင်း ဖြစ်နေတာမျိုးပေါ့” ဟု ရာဇဝတ်မှုဆိုင်ရာ ပညာရှင်ခရစ်ရှန် ပိုက်ဖာက မှတ်ချက်ပေးသည်။

၂၀၁၇ တွင် မှတ်တမ်းတင် ရာဇဝတ်မှု အရေအတွက်သည် ယခင်နှစ်ကထက် ၁၀ ရာခိုင်နှုန်း လျော့ကျကာ ၅ ဒသမ ၇၆ သန်းသို့ ကျဆင်းသွားခဲ့သည်။

“ဒါက ရူးသွပ်မှုတစ်ခုပဲ။ ရုပ်သံမှာ ရာဇဝတ်မှုဇာတ်ကား မပါတဲ့ညဆိုတာ မရှိတော့ဘူး။ ဒီ လူသတ်မှုတွေ၊ လူသတ်ဇာတ်လမ်းတွေက လျှံထွက်နေတယ်။ မနှစ်က ရာဇဝတ်မှု ကိန်းဂဏန်းတွေ သိသိသာသာ ကျသွားတဲ့တိုင်အောင် လူတွေက စိုးရိမ်ကြီးနေကြတယ်။ ဂျာမနီမှာ နိုင်ငံခြားသား အများကြီး ရောက်နေလို့ မလုံခြုံမှုကို ခံစားနေရတာ။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပျောက်သွားတာပေါ့” ဟု ပိုက်ဖာက ပြောကြားသည်။

ရာဇဝတ်မှု ကိန်းဂဏန်းများနှင့် ပတ်သက်လျှင် နိုင်ငံခြားသားများ သို့မဟုတ် ရွှေ့ပြောင်းနေထိုင်သူများကို အာရုံစိုက်လာကြသည်။ ရွှေ့ပြောင်းနေထိုင်သူဟူသော ခေါင်းစဉ်အောက်တွင် ရွှေ့ပြောင်းဒုက္ခသည်များအပြင် ခိုလှုံခွင့်တောင်းခံသူများ၊ လတ်တစ်လော ပြည်နှင်ဒဏ်ပေး၍ မရသေးသောကြောင့် ဂျာမနီတွင် ရှိနေသူများ၊ တရားဝင် ခွင့်ပြုချက်မရပဲ နေထိုင်နေသူများ၊ အကာအကွယ် ပေးထားရသော ဒုက္ခသည်များ (စစ်ဘေးရှောင်များ)၊ နိုင်ငံတကာ ကယ်ဆယ်ရေး အစီအစဉ်အရ ဂျာမနီတွင် နေရာချထားသော ဒုက္ခသည်များ ပါဝင်သည်။

ခါးပိုက်နှိုက်မှု၊ မုဒိမ်းမှုနှင့် လိင်နှောင့်ယှက်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှု၊ လုယက်မှုနှင့် ဖောက်ထွင်းမှုကဲ့သို့သော ရာဇဝတ်မှုများတွင် ရွှေ့ပြောင်းနေထိုင်မှု နောက်ခံမှတ်တမ်းရှိသော တရားခံများက အများစုဖြစ်နေသည်ဟု သိရှိရသည်။

နိုင်ငံခြားသားများသည် ဂျာမန်များထက် တရားစွဲခံရရန် ဖြစ်နိုင်ခြေ နှစ်ဆရှိသည်ဟူသော အကြောင်းရင်းလည်းရှိသည်ဟု ပိုက်ဖာကဆိုသည်။

ဒုက္ခသည်ပြဿနာ မစခင် ၂၀၁၄ မတိုင်မီကပင် အသက် ၁၄ နှင့် ၃၀ အကြား လူငယ်များသည် ပြဿနာအပေးဆုံး အုပ်စုဖြစ်ပြီး သံသယရှိ တရားခံအားလုံး၏ ထက်ဝက်ခန့်ရှိသည်ဟု ပိုက်ဖာက ထောက်ပြသည်။

စစ်ပြေးဒုက္ခသည် လေးဦးလျှင် တစ်ဦးမှာ လူငယ်များ ဖြစ်ကြပြီး မြောက်အာဖရိကမှ ရောက်လာသူများတွင် နှစ်ဦးလျှင် တစ်ဦးနှုန်းဖြစ်သည်။ ထိုလူငယ်များသည် မွေးရပ်မြေတွင် ဇနီးသို့မဟုတ် ရည်းစားကို ထားခဲ့သူများဖြစ်သည်။ “အမျိုးသမီးတွေ မပါလာတဲ့အချက်က သက်ရောက်မှုကြီးပါတယ်။ သူတို့က ကိစ္စတွေကို လူမှုဆိုင်ရာနည်လမ်းတွေနဲ့ ဖြေရှင်းပေးနိုင်သူတွေ ဖြစ်ပါတယ်။ သူတို့ မရှိတဲ့အခါကျတော့ ယောကျာ်းတွေရဲ့ စိတ်ကြမ်းကိုယ်ကြမ်း လုပ်ရပ်တွေ ထွက်ပေါ်လာတာပေါ့”ဟု ပိုက်ဖာက သုံးသပ်ပြသည်။

“တစ်ဖက်မှာလည်း ရွှေ့ပြောင်း နေထိုင်သူတွေအပေါ် ဂျာမနီကပေးနိုင်တဲ့ လူမှုထောက်ပံ့ကြေးက အကန့်အသတ်ရှိနေပါတယ်” ဟု ပိုက်ဖာက ဆိုသည်။

“ဖွံ့ဖြိုးရေး အထောက်အပံ့တွေ လျှော့ချပစ်တဲ့ ဘဏ္ဍာရေးဝန်ကြီး အိုလက်ခိုးလ်ရဲ့အစီအစဉ်ကို ကျွန်တော် နားမလည်ပါဘူး။ တကယ်တော့ သူက ဖွံ့ဖြိုးရေးဝန်ကြီး ဂတ်မူလာရဲ့ အစီအစဉ်ကို လုပ်ဆောင်သင့်တာပါ။ ဂတ်မူလာက ဂျာမန်ကုမ္ပဏီတွေကို အစိုးရရန်ပုံငွေနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ မိခင်နိုင်ငံမှာ အလုပ်အကိုင်တွေ ဖန်တီးခိုင်းမယ့် အစီအစဉ် ရှိပါတယ်။ သိပ်ကောင်းတဲ့အစီအစဉ်ပါ” ဟု ပြောကြားသွားသည်။

F-04