News

POST TYPE

EDITOR PICK POST

ချင်းပြည်နယ် ဝန်ကြီးသုံးဦးကို နေရာအပြောင်းအလဲလုပ်ရန် သမ္မတထံ စာတင်
ကလေး၊ မေ ၇ 

ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဌာနသုံးခုမှ ဝန်ကြီးသုံးဦးကို နေရာအပြောင်းအလဲပြုလုပ်ရန် နိုင်ငံတော်သမ္မတထံ စာတင်ထားကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ပူးဇိုဘွဲ့က ပြောကြားသည်။ 

လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ လိုအင်ဆန္ဒများနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် အပြောင်းအလဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အပြောင်းအလဲပြုလုပ်ရာတွင် ဝန်ကြီးဌာနသုံးခုမှ ဝန်ကြီးသုံးဦးကို နေရာအပြောင်းအလဲ ပြုလုပ်မည်ဖြစ်ပြီး မည်သည့်ဌာနမှ ဝန်ကြီးများဖြစ်သည်ကို သမ္မတထံမှ အတည်ပြုချက်ရမှသာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိသမ္မတထံတင်ပြမှုကို ပြုလုပ်ပြီးဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ပြည်သူလူထုရဲ့ လိုအင်ဆန္ဒအတိုင်း လိုက်မလုပ်နိုင်တာတွေရှိတာပေါ့။ အဲဒါ လေးတွေရှိလို့ ပိုပြီးတော့ အဆင်ပြေမလားလို့ အပြောင်းအရွှေ့လုပ်တာဖြစ်တယ်”ဟု ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပူးဇိုဘွဲ့က ဆိုသည်။ 

ချင်းပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၇ ဦးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးနှစ်ဦးကို ခန့်ထားပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ဝန်ကြီးတစ်နေရာနှင့် ကျန်ဝန်ကြီး နှစ်နေရာကို ပြင်ပပညာရှင်များကို ခန့်အပ်ထားခြင်းဖြစ်သည်။ 

“လွှတ်တော်အနေနဲ့တော့ လက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းလုပ်ဆောင်တာတွေ အားရတယ်လို့ မမြင်ဘူး။ များသောအားဖြင့် ပြောရမယ်ဆိုရင်တော့ စီမံခန့်ခွဲမှုတွေပေါ့ဗျာ။ လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ရမယ့် ဟာတွေကို ဖြည်းဖြည်းချင်းဆောင်ရွက်တယ်၊ အဓိကကတော့ ဒါတွေပါ”ဟု ချင်းပြည်နယ် လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ သနားခံစာဆိုင်ရာစိစစ်ရေး ကော်မတီအတွင်းရေးမှူး ကန်ပက်လက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖွေအားက ပြောဆိုသည်။ 

ယင်းသို့နေရာ အပြောင်းအလဲ ပြုလုပ်ရာတွင် စက်မှု၊ လက်မှု၊ လျှပ်စစ်နှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာနနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပါဝင်နေကြောင်း ဒေသခံများအကြား သတင်းများထွက်ပေါ်နေသည်။ 

R-20