News

POST TYPE

EDITOR PICK POST

သပိတ်စစ်ကြောင်းဖြင့် စစ်ရှောင်များကို သွားတွေ့မည့် အစီအစဉ် ကချင်လူငယ်များ ရပ်ဆိုင်း


မြစ်ကြီးနား၊ မေ ၇

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ လိုင်နှောင်ခူးဒေသအတွင်း ပိတ်မိနေသော စစ်ရှောင်ဒေသခံ တစ်ရာကျော်ကို သွားရောက်တွေ့ဆုံရန် သပိတ်စစ်ကြောင်းဖြင့် လမ်းလျှောက်ချီတက်ရန် ကချင်လူငယ်ထုက စီစဉ်ခဲ့သော်လည်း အစိုးရကကယ်ထုတ်နေသည်ဟု ကြားသိရသည့်အတွက် ယင်းချီတက်မှုကို ခေတ္တရပ်နားထားကြောင်း ယင်းသပိတ်စခန်း ဦးဆောင်ကော်မတီထံမှ သိရသည်။

လိုင်နှောင်ခူးတွင်ပိတ်မိနေသည့် ဒေသခံများကို ဘေးကင်းရာသို့ အစိုးရက ပို့ဆောင်ကယ်ထုတ်ပေးရန် ကချင်လူငယ်ထု ထောင်ချီဖြင့် ယင်းဒေသအထိ သွားရောက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ခဲ့သော်လည်း အစိုးရက ကယ်ထုတ်ရေးစတင်နေပြီဟု အကြောင်းကြားလာမှုကြောင့် ချီတက်ဆန္ဒပြခြင်း အစီအစဉ်ကို ရပ်ဆိုင်းရခြင်းဖြစ်ကြောင်း ယင်းသပိတ်စခန်း ဦးဆောင်ကော်မတီမှ ဦးလွမ်းဇောင်းက ပြောကြားသည်။ 

ယင်းသို့ချီတက်တောင်းဆိုရခြင်းသည် အစိုးရနှင့် တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြခြင်းမဟုတ်ဘဲ ပိတ်မိပြည်သူများကို ဘေးကင်းရာသို့ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တောင်းဆိုနေခြင်းသာဖြစ်ကြောင်း၊ ပိတ်မိပြည်သူများ မလွတ်မြောက်မချင်း ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“လိုင်နှောင်ခူးမှာ ပိတ်မိနေတဲ့ လူတချို့ထွက်လာပြီလို့ ကြားပါတယ်။ ဒါက အားလုံးမဟုတ်သေးပါဘူး။ အများပိုင်းက ကျန်နေသေးတယ်။ သူတို့က အမြန်ဆုံးပြန်ချင်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့က လူထုအင်အားနဲ့သွားပြီးတော့မှ သွားကြိုဖို့ဆုံးဖြတ်ပြီး ပြင်ဆင်လာတယ်။ အခုနံနက် ၉ နာရီက ထွက်လာပြီဆိုကြား သိရတယ်။ ဒါကို ဟုတ်မဟုတ် အတည်ပြုဖို့ စောင့်ကြည့်နေတယ်။ ဒါကြောင့် သပိတ်စစ်ကြောင်းကို ရပ်နားထားတာဖြစ်တယ်”ဟု ၎င်းက ရှင်းပြသည်။ 

ကချင်လူငယ်ထုအနေနှင့် လမ်းလျှောက်ချီတက်ရခြင်းသည် ပြီးခဲ့သည့် ရက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရက ဦးဆောင်ပြီး ဘာသာရေးခေါင်းဆောင်များ၊ လူငယ်ကိုယ်စားလှယ်များ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာအဖွဲ့များပါလျက် ပိတ်မိပြည်သူများကို သွားရောက်ကယ်ထုတ်ခဲ့သော်လည်း တပ်မတော်က ခွင့်မပြုသည့်အပေါ်အခြေခံ၍ အစိုးရ၏ ကယ်ထုတ်ရေးလုပ်ငန်းကို အယုံအကြည်မရှိသဖြင့် သွားရောက်ကယ်ထုတ်ရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ယင်းသပိတ် စခန်းဦးဆောင်ကော်မတီအဖွဲ့မှ ဒေါ်ဆွတ်ဆိုင်းထွယ်က ပြောကြားသည်။

ကချင်ပြည်နယ် ကာမိုင်းနှင့် အင်ဂျန်းယန်ဒေသရှိ ပိတ်မိပြည်သူများကို ကယ်ထုတ်ရန် တပ်မတော်၏ သဘောတူညီချက်ဖြင့် မေလ ၆ ရက်နေ့မှ စတင်စီစဉ်ဆောင်ရွက်နေကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

ကချင်ပြည်နယ်၊ လိုင်နှောင်ခူးမှ စစ်ရှောင် ၁၅၃ ဦးကို ဖားကန့်မြို့နယ်ရှိ အင်းတော်ကြီး ဓမ္မာရုံတွင်ထားရှိမည်ဖြစ်ပြီး မေလ ၇ ရက်နေ့တွင် နေရပ်အသီးသီးသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

လက်ရှိ တနိုင်းဒေသ၊ ကဆုန့်ဒေသနှင့် အင်ဂျန်းယန်ဒေသတို့မှ တိုက်ပွဲရှောင်ပြည်သူများ တောထဲတွင် ပိတ်မိနေသူ စုစုပေါင်း နှစ်ထောင်ကျော်ဝန်းကျင်ရှိပြီး နမ္မတီးနှင့် မြစ်ဆုံဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသူများ စုစုပေါင်း ပြည်နယ်အတွင်း တိမ်းရှောင်သူ စစ်ဘေးရှောင် ငါးထောင်ဝန်းကျင်ရှိသည်။ 

R-06