News

POST TYPE

EDITOR PICK POST

မြောက်ဦး စုံစမ်းလေ့လာအဖွဲ့ စစ်ဆေးရန် ကြန့်ကြာမှု ဒေသခံများဝေဖန်
စစ်တွေ၊ မေ ၆

မြောက်ဦးမြို့ အဓိကရုဏ်းနှင့်ပတ်သက်၍ စုံစမ်းလေ့လာရန်အတွက် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသော မြောက်ဦး စုံစမ်းလေ့လာရေးအဖွဲ့ စစ်ဆေးရန် ကြန့်ကြာမှုနှင့်ပတ်သက်၍ ဒေသခံများက ဝေဖန်လျက်ရှိသည်။ 

အဆိုပါအဖွဲ့၏ စုံစမ်းစစ်ဆေးမှုရလဒ်ကို သေဆုံးသူများ၏ မိသားစုဝင်များမှာ မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်နေကြောင်း မြောက်ဦးဖြစ်စဉ်တွင် တရားစွဲဆိုခံနေသူတစ်ဦး၏ ဖခင်ဦးအေးမောင်သိန်းက ပြောသည်။

“သူတို့ ရဲရဲဝံ့ဝံ့ အာမခံထားပြီးတော့ ဘာလို့ ရဲရဲဝံ့ဝံ့ မလုပ်ရဲတာလဲ၊ မဲဆွယ်တုန်းက ပြည်သူလူထုရှေ့မှာ မားမားမတ်မတ် ကာကွယ်ဖို့ ရခိုင်ပြည်ကို ဘယ်လိုကောင်းအောင်လုပ်မယ်။ စကားတွေ ဖောင်ဖွဲ့ပြောခဲ့ပြီး ရခိုင်ပြည်လောက် မပြောနဲ့ ဖြစ်စဉ်တစ်ခုတောင် ဖော်မထုတ်ရဲရင် အဲဒီပါတီ ဘာလုပ်မှာလဲ”ဟု ၎င်းက ဝေဖန်သည်။ 

မြောက်ဦး စုံစမ်းလေ့လာရေးအဖွဲ့ကို ဇန်နဝါရီလ ၂၉ရက်က စတင်ဖွဲ့စည်း ခဲ့ပြီး မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဥက္ကဋ္ဌ၊ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က အတွင်းရေးမှူး၊ မောင်တော၊ မာန်အောင်မြို့နယ်တို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့နှင့် ပြည်နယ်လွှတ်တော် ဥပဒေအကြံပေးအဖွဲ့မှ ၂ ဦးတို့ပါဝင်သည်။ 

ယင်းအဖွဲ့ဖွဲ့စည်းပြီးကတည်းက မြေပြင်သို့ သွားရောက်စစ်ဆေးရန် အခက်အခဲများ ရှိနေသဖြင့် ကြန့်ကြာခဲ့ရကြောင်း၊ လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်များ မိမိမြို့နယ်များတွင် နေထိုင်နေသဖြင့် လူမစုံ၍ မြေပြင်ကွင်းဆင်းစစ်ဆေးမှုကို ၃ လကျော်ကြာသည်အထိ မဆောင်ရွက်နိုင်သေးကြောင်း၊ ယင်းအခြေအနေကြောင့် ပြည်သူများ ဝေဖန်နေခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ အတွင်းရေးမှူးဖြစ်သည့် မြောက်ဦးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ဖြစ်စဉ်ဖြစ်ပြီးတုန်းကတော့ ဘာလုပ်မယ် ဘာဖြစ်တယ်နဲ့ ကျားဖမ်းမယ်လိုလို ဆင်ဖမ်းမယ်လိုလိုနဲ့ ကောက်ရိုးမီးပဲ၊ အခုတော့ သွေးအေးသွားကြပြီ၊ ကျွန်တော်တို့ ကြားတာတော့ အဖွဲ့မှာ လူတွေ ကွဲနေကြတယ်လို့ ကြားတယ်”ဟု မြောက်ဦးဒေသခံ ဦးအေးမောင်စိန်က ပြောသည်။

စုံစမ်းလေ့လာရန်အတွက် ခရိုင်အုပ်ချုပ်ရေးနှင့် မြို့နယ်အုပ်ချုပ်ရေးအရာရှိများ၊ မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီး၊ ခရိုင်ရဲမှူး၊ လူမှုအဖွဲ့အစည်းများနှင့်သာမက သေဆုံးသွားသောသူများ၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိပြီး တရားစွဲဆိုခံနေရသူများအပြင် မိသားစုဝင်များနှင့်တွေ့ဆုံရန် ပြင်ဆင်ထားကြောင်း ယင်းအဖွဲ့၏ဥက္ကဋ္ဌ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောဆိုသည်။

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်တွင် ပထမ စုံစမ်းစစ်ဆေးရေးအမည်ဖြင့် ဖွဲ့စည်းခဲ့ရာ အစိုးရက ဖိအားပေးမှုများ ရှိလာသဖြင့် ဖွဲ့စည်းပုံဥပဒေအရလည်း ယင်းနာမည်ဖြင့် ဖွဲ့စည်းခွင့် မရှိသောကြောင့် စုံစမ်းလေ့လာရေး အမည်သို့ ပြောင်းလဲခဲ့သည်။

အဆိုပါအဖွဲ့အနေနှင့် မြေပြင်သို့ သွားရောက်ပြီး စုံစမ်းလေ့လာချက်များကိုစ၍ ဆောင်ရွက်သောနေ့မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်သို့ အစီရင်ခံစာ တင်ပြရမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ထံမှ သိရသည်။

မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်က ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာ အာဏာကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် နန်းတော်ရာကုန်းပေါ်တွင် စာပေဟောပြောပွဲပြုလုပ်မှုကို အာဏာပိုင်များက ပိတ်လိုက်ရာမှ ပြည်သူများ ဆန္ဒပြခဲ့ကြောင်း၊ ယင်းနောက် လူများဆူပူလာပြီး ခရိုင်အုပ်ချုပ်ရေးရုံးကို ဖျက်ဆီးခြင်းများ ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရထံမှ သိရသည်။ 

အဆိုပါ လူစုခွဲမှုကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ ၁၂ ဦးထဲမှ ၈ ဦးကို အများပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေ ၆(၁) ဖြင့် တရားစွဲဆိုထားသည်။

R-22