News

POST TYPE

EDITOR PICK POST

တပ်မတော်ဝင်ခွင့်မပြု၍ ဖားကန့်တွင် ပိတ်မိနေသူများကို ကယ်ထုတ်၍မရ၊ ကချင်လူငယ်များ ဆက်လက်တောင်းဆို
06-May-2018

မြစ်ကြီးနား၊ မေ ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပိတ်မိနေသူများကို သွားရောက်ကယ်ထုတ်သည့် အဖွဲ့ကို တပ်မတော်က ကယ်ထုတ်ခွင့်မပြုဘဲ တွေ့ဆုံခွင့်သာ ခွင့်ပြုပေးသည့်အတွက် ကယ်ထုတ်နိုင်ခဲ့ခြင်းမရှိကြောင်း ယင်းကူညီရေးဆောင်ရွက်သည့် အဖွဲ့ထံမှ သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် သဘောတူညီမှုရရှိပြီးနောက် ပိတ်မိပြည်သူများကို သွားရောက်ကယ်ထုတ်ရန်အတွက် ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်လူငယ်အဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်၍ မေလ ၄ ရက်နေ့က ကာမိုင်းဒေသသို့ သွားခဲ့သော်လည်း တပ်မတော်က ခွင့်မပြုခဲ့သည့်အတွက် မေလ ၅ ရက်နေ့က မြစ်ကြီးနားသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာဦးခလမ်ဆမ်ဆွမ်က ပြောကြားသည်။

“ကျွန်တော်တို့ လာနေပြီဆိုတာကို ဟိုမှာရှိတဲ့ ဆရာနဲ့ဖုန်းပြောတော့ သူတို့ လည်းဝမ်းသာပြီး မျှော်လင့်တကြီး စောင့်နေပါတယ်။ ဒါပေမဲ့ ပြန်မလာဖြစ်တော့ဘူးလို့ ပြောတော့ တော်တော့ကို ဝမ်းနည်းရတာပေါ့။ သူတို့တွေကို ခေါ်လာပြီး နေထိုင်ဖို့ အားလုံးပြင်ဆင်ပြီးမှ ဘာလို့ဒီလိုခွင့်မပြုတာလဲဆိုတာကို ဝမ်းနည်းမိပါတယ်”ဟု ၎င်းက ပြောဆိုသည်။

တပ်မတော်က ပိတ်မိနေသည့် ဒေသခံများကို သွားရောက်တွေ့ဆုံရန် ခွင့်ပြုခဲ့သော်လည်း ခေါ်ယူရန်ခွင့်မပြုသည့်အတွက် ကာမိုင်းမြို့မှ ပြန်လာရခြင်း ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါဒေသ လိုင်နှောင်ခူးကျေးရွာတွင် ပိတ်မိပြည်သူ ၁၅၀ ခန့်ရှိကြောင်း ယင်း သွားရောက်ကူညီရေးအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ ကချင်လူငယ်ထုတွေက တောင်းဆိုနေတာကို သွားရောက်ကယ်ထုတ်ဖို့ ကချင်ပြည်နယ်အစိုးရက ခွင့်ပြုခဲ့လို့ ကျွန်တော်တို့သွားကယ်ထုတ်တဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကို တပ်မတော်ဘက်က ခွင့်မပြုခဲ့ဘူးလို့ ကြားသိရတဲ့အတွက် လွန်စွာမှ ဝမ်းနည်းမိပါတယ်”ဟု ကချင်လူငယ်ထုသပိတ် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးလွမ်းဇောင်းက ပြောဆိုသည်။

ယင်းသို့ပိတ်မိပြည်သူများ ပြန်လည်လွတ်မြောက်ရေးအတွက် ကချင်လူငယ် ထောင်ချီ မြစ်ကြီးနားမြို့ စိတာပူရပ်ကွက် ရှိ မနောကွင်းတွင် ဆက်လက်စုဝေးကာ တောင်းဆိုနေကြသည်။

နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ပြည်သူများသည် ပြည်နယ်အတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားပြည်သူများဖြစ်သည့်အတွက် လူသားချင်း စာနာသောစိတ်ဖြင့် တတ်နိုင်သရွေ့ကူညီ ထောက်ပံ့မှုများကို ပြည်နယ်အစိုးရအနေနှင့် အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မေလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကချင်ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  

R-06
 

  • VIA