News

POST TYPE

EDITOR PICK POST

ရခိုင်လူငယ်ညီလာခံသို့ လုံခြုံရေးအရ ကမန်နှင့် မာရမကြီးလူမျိုးစုမှာ လူငယ်များကို မဖိတ်
30-Apr-2018

စစ်တွေ၊ ဧပြီ ၂၉ 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ မေလ ၁ ရက်မှ ၅ ရက်နေ့အထိ ကျင်းပမည့် ရခိုင်လူငယ်ညီလာခံသို့ လုံခြုံရေးအရ ကမန်လူမျိုးနှင့် မာရမကြီးလူမျိုးစုတို့မှ လူငယ်များကို မဖိတ်ကြားခဲ့ကြောင်း ယင်းလူမျိုးစုကွန်ရက်များထံမှ သိရသည်။ 

ရခိုင်မျိုးနွယ်စုအားလုံး ပါဝင်နိုင်ရေးအတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မာန်အောင်မြို့၌ ကျင်းပခဲ့သော ရခိုင်လူငယ်ညီလာခံ အကြိုတွေ့ဆုံပွဲတွင် ကိုယ်စားလှယ်များ ဆွေးနွေးမှုကို ၂ ရက်တာပြုလုပ်ကြောင်း၊ ယင်းနောက် လူမျိုးစုအားလုံးတက်ရောက်ရန် သင့်၊ မသင့်ကို မဲခွဲဆုံးဖြတ်ခဲ့ရာ တောင်ကုတ်မြို့၏ ပကတိအခြေအနေနှင့် လုံခြုံရေးစိုးရိမ်မှုကြောင့် အချို့သော မျိုးနွယ်စုများကို ညီလာခံမဖိတ်နိုင်ခဲ့သဖြင့် ခွင့်လွှတ်ပေးရန် ရခိုင်လူငယ်ညီလာခံက ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ကတော့ လူကိုယ်တိုင်တက်ချင်တယ်၊ တောင်ကုတ်မြို့မှာ ပြည်နယ်အစိုးရက ခွင့်ပြုတဲ့ ညီလာခံတစ်ခုမှာ လုံခြုံရေး အပြည့်အစုံရှိရမယ်။ ဖြစ်မြောက်ရေး ကော်မတီကိုယ်တိုင်က လုံခြုံရေးပိုင်းနဲ့ စိုးရိမ်ကြောင့်ကြမှုရှိတဲ့အတွက် မေတ္တာရပ်ခံ တောင်းပန်လာတဲ့အတွက် ကျွန်တော်တို့လည်း သည်းခံခွင့်လွှတ် နားလည်ပေးလိုက်တဲ့ သဘောဖြစ်တယ်”ဟု ကမန်တိုင်းရင်းသား လူမှုကွန်ရက်ဥက္ကဋ္ဌ ဦးထွန်းငွေက ပြောသည်။

တောင်ကုတ်မြို့၏ လုံခြုံရေးအခြေအနေအရ ဖိတ်ကြားခြင်းမပြုသော်လည်း ယင်းလူမျိုးတို့၏ စာတမ်းများတင်ပြလာပါက ညီလာခံတွင်း ဖတ်ကြားဆွေးနွေးသွားမည် ဖြစ်သည့်အတွက် ကမန်တိုင်းရင်းသား လူမျိုးစုအတွက် ကိုယ်စားပြုနိုင်သောစာတမ်း တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မဖိတ်ဆိုတာ စိုးရိမ်လွန်တာလို့ ထင်တယ်။ တမင်တကာ မနှစ်သက်လို့ မဖိတ်တာဆိုတာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ မာရမကြီးလူမျိုးထဲမှာလည်း ရုပ်သန့်သန့်နဲ့ လူတွေ အများကြီးရှိတာကို သတိမထားမိလို့နေမှာ စိတ်မကောင်းဖြစ်ရတာပေါ့၊ စာတမ်းလည်း မပို့တော့ဘူးလို့ စဉ်းစားနေတယ်”ဟု မာရမကြီးလူငယ်ကွန်ရက်မှ အတွင်းရေးမှူး ကိုသန်းထွန်းက ဆိုသည်။

ညီလာခံကျင်းပရန်အတွက် တောင်ကုတ်မြို့ကို ရွေးချယ်ရခြင်းသည် လမ်းပန်းဆက်သွယ်ရေးအရ အဆင်ပြေချောမွေ့ပြီး ၁၇ မြို့နယ်မှ ကိုယ်စားပြုလူငယ်များ၏ ဆန္ဒဖြင့် ရွေးချယ်ခဲ့ကြောင်း၊ ညီလာခံမှ ထွက်ပေါ်လာသော ရှေ့လုပ်ငန်းစဉ်များတွင် မျိုးနွယ်စုဝင်အားလုံး ပါဝင်နိုင်ရန် အထူးအလေးထား ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့မှာ ဦးမျိုးဆန်းအောင်က ပြောသည်။ 

R-22


  • VIA