News

POST TYPE

EDITOR PICK POST

မေလ ၁၆ ရက်တွင် မုတ်သုံစဝင်မည်ဟု မိုး/ဇလ ခန့်မှန်း
29-Apr-2018 tagged as မိုးလေဝသ

ရန်ကုန်၊ ဧပြီ ၂၉

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၁၆ ရက်နေ့ခန့်တွင် အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်လာနိုင်ဖွယ်ရှိပြီး မုတ်သုံလေ မဝင်ရောက်မီနှင့် စတင်ဝင်ရောက်ချိန်တွင် ဒေသအချို့၌ မိုးထစ်ချုန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ဝင်ရောက်နိုင်ရာ ဒေသအလိုက် မိုးထစ်ချုန်းရွာခြင်း၊ မိုးသက် လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဆိုးရွားသည့် မိုးလေဝသဖြစ်စဉ်များကို မွန်းလွဲ၊ ညနေပိုင်းနှင့် ညပိုင်းတို့တွင် ကြုံတွေ့ရနိုင်ကြောင်း ၎င်းက သတိပေးပြောဆိုသည်။

“မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းသွားလှေ၊ သင်္ဘော၊ ရေယာဉ်တွေ ပြည်တွင်း ပျံသန်းနေတဲ့ လေယာဉ်တွေအနေနဲ့ ဆိုးရွားတဲ့ မိုးလေဝသ အခြေအနေတွေကို သတိထားသင့်တယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် မုတ်သုံလေ စတင်မဝင်ရောက်မီကာလတွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်တတ်သည့်အတွက် သတိပြု စောင့်ကြည့်ရန်လိုကြောင်း ဦးကျော်လွင်ဦးက ဆက်လက် ပြောကြားသည်။

ကပ္ပလီပင်လယ်ပြင်တွင် နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ 

ထို့ပြင် နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ကာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်ဖြစ်စဉ်ကြောင့် မိုးသက်လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ်များ ပြိုကျပျက်စီးမှု ရှိခဲ့သည်။ 

E-03