News

POST TYPE

EDITOR PICK POST

မိတ္ထီလာ ကြက်ဝိုင်းကို ရဲဝင်စီး၊ ဆိုင်ကယ် ၄၁ စီး ဖမ်းမိ


မိတ္ထီလာ၊ ဧပြီ ၂၆

မိတ္ထီလာမြို့၏ အကြီးဆုံးကြက်ဝိုင်းကို ရဲတပ်ဖွဲ့က ဧပြီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်စီးနင်းဖမ်းဆီးနိုင်ခဲ့ကြောင်း ဖမ်းဆီးရာတွင်ပါဝင်သော ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ကျောင်းရွာအုပ်စု ကျီးပင်ဂွကျေးရွာအနောက်ဘက် ကျီးပင်ဂွကျေးရွာ သင်္ချိုင်းဘေးတွင် လောင်းကစားနေသော ကြက်ဝိုင်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဖမ်းဆီးမှုတွင်ပါဝင်သော မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ဒုရဲအုပ်လှစိုးမိုးက ပြောကြားသည်။

“လူက လေးယောက်ဖမ်းမိတယ်။ (လွတ်မြောက်သွားသူများ၏) ဆိုင်ကယ် ၄၁ စီးရဲ့တန်ဖိုးက ကျပ်သိန်း ၁၅၀ ကျော် လောက်ရှိပါတယ်။ လောင်းကြေးငွေက ၅၆,၅၀၀ ကျပ် ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကျီးပင်ဂွကျေးရွာ သင်္ချိုင်းဘေးတွင် ကြက်တိုက်လောင်းကစားနေကြောင်း သတင်းအရ မိတ္ထီလာခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ အဖွဲ့ခေါင်းဆောင် ရဲအုပ်တင်ထွန်းအောင် ဦးစီးသောအဖွဲ့က သက်သေများနှင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။ 

ယင်းသို့ဖမ်းဆီးရာတွင် မလှိုင်မြို့နယ် အမတ် ၈ ရပ်ကွက်မှ အသက် ၆၃ နှစ်အရွယ်ရှိ ဦးသိန်းဝင်း၊ ဝမ်းတွင်းမြို့နယ် လျှော်ပင်ကျေးရွာမှ အသက် ၆၇ နှစ် အရွယ်ရှိ ဦးဘိုခင်၊ မိတ္ထီလာမြို့နယ်မြေ ၂ ရန်မျိုးအောင်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၆ နှစ်အရွယ်ရှိ ဦးညွန့်ရှိန်၊ မိတ္ထီလာမြို့နယ် ကျီးပင်ဂွရွာမှ အသက် ၅၆ နှစ်အရွယ်ရှိ ဦးသိန်းအောင်တို့ကို လောင်းကစားရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအပါအဝင် ထွက်ပြေးလွတ်မြောက်သွားသူများ၏ ဆိုင်ကယ် ၄၁ စီး၊ လက်ကိုင်ဖုန်း ရှစ်လုံးနှင့် တိုက်ကြက်ခုနစ်ကောင်တို့ကို သိမ်းဆည်းရမိကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ 

အဆိုပါအမှုကို အမှတ် (၃) နယ်မြေရဲစခန်းက (ပ) ၇၁/၂၀၁၈ လောင်းကစားဥပဒေ ၁၂ (က) ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်သွားသူများကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01