News

POST TYPE

EDITOR PICK POST

လူငယ်တစ်ဦး၏ လည်ပင်းကို ဓားဖြင့်ထောက်၍ ဓားစာခံခေါ်ပြီး ထွက်ပြေးရန် ကြံရွယ်သူကို သေနတ်ဖြင့် ပစ်ဖမ်း
27-Apr-2018

ရန်ကုန်၊ ဧပြီ ၂၅

ဈေးသည်များထံမှ မိုက်ကြေးခွဲဆက်ကြေးကောက်ခံနေသည့် တရားခံပြေးတစ်ဦးကို ဖမ်းဆီးစဉ် အသာတကြည် အဖမ်းမခံဘဲ ၁၄ နှစ်အရွယ် လူငယ်တစ်ဦး၏ လည်ပင်းကို ဓားဖြင့်ထောက်၍ ထွက်ပြေးရန် ကြံရွယ်သည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဝမ်းဗိုက်တွင် ကျည်မှန်ဒဏ်ရာရခဲ့သူ အသက် ၂၃ နှစ် နှပ်ချေး (ခ) သန်းထိုက်ထွေးမှာ ဧပြီလ ၂၀ ရက်နေ့က လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်တွင် ဆိုက်ကားနင်းသူ အမျိုးသားကို ပါးရိုက်စဉ် ဝင်ဟန့်တားသည့် အမျိုးသားတစ်ဦးကိုပါ စကေဘာဖြင့်ထိုးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ကြောင်း၊ ဧပြီလ ၂၅ ရက် ညနေပိုင်းက ယင်းရပ်ကွက်ထံ ရောက်ရှိနေပြီး ဈေးသည်အမျိုးသမီးတစ်ဦးထံ ဖုန်းဆက်၍ မိုက်ကြေးခွဲ ဆက်ကြေးကောက်ခံနေကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်။

ယင်းသို့ ဖမ်းဆီးစဉ် နှပ်ချေး (ခ) သန်းထိုက်ထွေးက အသာတကြည်အဖမ်းမခံဘဲ ဓားမြှောင်ဖြင့် ပြန်လည်ခုခံ တိုက်ခိုက်သောကြောင့် M-13 မောင်းပြန်သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ရာ ၎င်း၏ ဝမ်းဗိုက်ဘယ်ဘက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာရခဲ့ပြီးနောက် နှပ်ချေး (ခ) သန်းထိုက်ထွေးမှာ အမှတ်(၅) ရပ်ကွက်၊ မြစကြာလမ်းအတွင်းသို့ ထွက်ပြေးပြီး နေအိမ်တစ်အိမ်ပေါ်တက်ကာ ၁၄ နှစ်အရွယ် လူငယ်တစ်ဦး၏ လည်ပင်းကို ဓားဖြင့်ထောက်၍ ဓားစာခံခေါ်ပြီး ထွက်ပြေးတိမ်းရှောင်ရန် ကြံရွယ်ခဲ့ကြောင်း သိရသည်။

“ဓားစာခံခေါ်ပြီး ပြေးမယ်ကြံသူကို ရဲတပ်ဖွဲ့က လမ်းပေါက်တွေ ပိတ်ဆို့ပြီး သေနတ်တွေနဲ့ ချိန်ထားလိုက်တယ်။ အသာတကြည် အဖမ်းမခံရင် သေနတ်နဲ့ပစ်မယ်လို့ သတိပေးလိုက်တော့ သူ့လက်ထဲ ကိုင်ထားတဲ့ဓားကို လွှတ်ချလိုက်တယ်၊ အဲဒီအချိန်မှာ သူ့ကို လုံးထွေးပြီး အမိအရ ဖမ်းဆီးနိုင်ခဲ့တယ်” ဟု ရဲအရာရှိက ပြောသည်။

ကျည်မှန်ဒဏ်ရာရခဲ့သူ နှပ်ချေး (ခ) သန်းထိုက်ထွေးမှာ လှိုင်သာယာမြို့နယ်မှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းမှာ ၂၀၁၅ ခုနှစ်က ရာဇသတ်ကြီး ပုဒ်မ ၃၈၆ ဖြင့် ဖမ်းဆီးစစ်ဆေးစဉ် စစ်ပြေးတစ်ဦးဖြစ်ကြောင်း သိရှိခဲ့သဖြင့် သက်ဆိုင်ရာတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး စစ်ဘက်ဥပဒေဖြင့် ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံဖူးသူတစ်ဦးဖြစ်ကာ ၎င်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03