News

POST TYPE

EDITOR PICK POST

မြောက်ဦးဖြစ်စဉ်ကြောင့် ဖမ်းဆီးချုပ်နှောင်ခံနေရသူများကို ဆေးကုသမှုအပြည့်ပေးရေး မိသားစု တောင်းဆို
24-Apr-2018 tagged as မြောက်ဦး



စစ်တွေ၊ ဧပြီ ၂၃

မြောက်ဦးမြို အဓိကရုဏ်းဖြစ်စဉ်ကြောင့် စစ်တွေအကျဉ်းထောင်၌ ဖမ်းဆီးချုပ်နှောင်ခံနေရသူ ၈ ဦးကို ဆေးကုသခွင့် အပြည့်အဝပေးရန် ၎င်းတို့၏ မိသားစုက တောင်းဆိုသည်။ 

“လက်တွေ၊ ခြေထောက်တွေ ရောင်ကိုင်းလာလည်း ပါရာ၊ အမ်နာဂျက်ဆင် ဒါပဲပေးတယ်၊ ချိုင်းထောက်နဲ့ သုံးယောက်မှာဆို ခြေတွေရောင်နေလို့ ကားပေါ်ကိုလည်းဆွဲတင်ရင် ဘေးကနေ လူထမ်းပေးပြီး သွားနေရတယ်၊ သူတို့မှာ စတီးရိုးထည့်ထားရတာကို”ဟု ဖမ်းဆီးခံထားရသူ ဦးသန်းဇော်၏မိခင် ဒေါ်နီနီက ပြောသည်။

၎င်းတို့ ၈ ဦးအနက် ကိုအောင်ကျော်မြင့်၊ ကျော်ကျော်နိုင်၊ ထွန်းကျော်စိန်တို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သောကြောင့် ခြေထောက်များတွင် စတီးရိုးများထည့်ထားရ၍ ကျန်းမာရေးအခြေအနေ အဆိုးဝါးဆုံးဖြစ်နေကြောင်း၊ ကျန် ၅ ဦးမှာ ကျန်းမာရေးအခြေအနေ မဆိုးသော်လည်း ဆေးကုသမှုအပြည့်ပေးစေလိုကြောင်း မိသားစုဝင်များက ဆိုသည်။

“ခြေသလုံးကျိုးသွားတော့ စတီးရိုးထည့်ထားရတာ ခြေထောက် ကောင်းကောင်းမထောက်နိုင်ဘဲ ရုံးထုတ်သွားနေရတယ်။ ပြီးတော့ ခြေထောက်အရမ်းရောင်နေတယ်၊ ဆေးကုသမှုခံရတာလည်း အရမ်းအားနည်းတယ်၊ ကျည်ထုတ်မရတဲ့သူတွေ ရှိသေးတယ်”ဟု ကိုအောင်ကျော်မြင့်၏ဇနီး မခင်ခင်သန်းက ပြောသည်။

ဖမ်းဆီးတရားစွဲဆိုခံနေသူများထဲတွင် အသက် ၁၆ နှစ်ရှိသော ကိုထွန်းကျော်စိန်မှာ စစ်တွေမြို့ အကျဉ်းထောင်၌ ဖြေဆိုခဲ့သော နဝမတန်းစာမေးပွဲကို အောင်မြင်သဖြင့် ဒသမတန်းတက်ရောက်ရန် အမြန်ဆုံး လွှတ်ပေးစေလိုကြောင်း သူ၏အစ်မ မသိန်းဝင်းက ပြောသည်။ 

“စာပေဟောပြောပွဲသွားတာ သူများနောက်ပါသွားလို့ ဖြစ်သွားတာ သူတို့ ဘာမှမသိဘူး။ အပြစ်လည်းမရှိဘူး။ အခု ကျောင်းတက်မယ့် အချိန်လည်း ရောက်နေပြီ။ ကျွန်မတို့မှာ သူ့ကို ပညာတတ်ဖြစ်စေချင်လို့ အခက်အခဲတွေ အမျိုးမျိုးကြားက မြို့မှာ ကျောင်းထားတာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ၈ ဦးကို ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့နယ် တရားရုံးတွင် ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး စစ်ဆေးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

မြောက်ဦးမြို့၌ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းက ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်းနေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲကို အာဏာပိုင်များက ပိတ်ပင်တားမြစ်သောကြောင့် ပြည်သူများက ဆူပူအုံကြွကာ ဆန္ဒပြခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံးကို ဖျက်ဆီး၍ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ကာ လူစုခွဲသဖြင့် လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ 

R-22