News

POST TYPE

EDITOR PICK POST

သြင်္ကန်ကာလအတွင်း ယာဉ်စီးခပိုကောက်သည့် ယာဉ်လိုင်းများကို အရေးယူမည်
19-Apr-2018


ရန်ကုန်၊ ဧပြီ ၁၈

သြင်္ကန်ကာလအတွင်း ယာဉ်စီးခ ပိုကောက်ခံခြင်းမပြုရန် ယာဉ်လိုင်းတာဝန်ခံများကို ခေါ်ယူသတိပေးထားသော်လည်း ပိုမိုကောက်ခံမှုများရှိခဲ့သည့်အတွက် အဆိုပါယာဉ်လိုင်းများကို အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“Yangon Bus Service မှာလည်း တိုင်ကြားတာတွေရှိတယ်။ ယာဉ်စီးခ ပိုကောက်တဲ့ ယာဉ်လိုင်းတွေကို စိစစ်အရေးယူဖို့ ပြင်ဆင်နေပြီ”ဟု ၎င်းက ဆိုသည်။

ယာဉ်စီးခ ပိုကောက်ကာ စည်းကမ်းချိုးဖောက်သည့် ယာဉ်လိုင်းများကို စိစစ်ဆောင်ရွက်လျက်ရှိပြီး စည်းကမ်းသတ်မှတ်ချက်အရ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သြင်္ကန်ကာလအတွင်း ယာဉ်စီးရေ ၇၆၀ ကျော် ပြေးဆွဲပြီး အချို့ယာဉ်လိုင်းများ၌ ယာဉ်နောက်လိုက်များ လိုက်ပါကာ ဧပြီလ ၁၃ ရက် (သြင်္ကန်အကြိုနေ့) မှ စတင်၍ ယာဉ်စီးခ ကျပ် ၅၀၀ ပိုကောက်ခံသည့် ယာဉ်များကို ယာဉ်လိုင်းအမှတ်များဖြင့် တိုင်ကြားမှုများရှိကြောင်း Yangon Bus Service ထံမှ သိရသည်။

“အကြိုနေ့ ရှိသေးတယ် YBS ယာဉ်စီးခ ၅၀၀ တဲ့။ YBS ၇ ယာဉ်လိုင်းကို စီးတာပါ။ YRTA က ယာဉ်နောက်လိုက်ထားပေမယ့် ယာဉ်စီးခကို ပိုတောင်းခွင့်မပြုဘူးလို့ ပြောထားပြီး အခု ပိုတောင်းနေပြီ။ တာဝန်ရှိသူတွေ အရေးယူပေးစေချင်တယ်”ဟု ယာဉ်စီးခ ပိုပေးခဲ့ရသည့် ခရီးသည်တစ်ဦးက ဆိုသည်။

သြင်္ကန်ကာလအတွင်း ယာဉ်စီးခ ပိုမကောက်ရန် ညွှန်ကြားထားသော်လည်း YBS ၆၊ ၇၊ ၂၃၊ ၇၅၊ ၆၁ စသည့် ယာဉ်လိုင်းများအနေနှင့် ယာဉ်စီးခအဖြစ် ကျပ် ၅၀၀ ကောက်ခံမှုများရှိကြောင်း ခရီးသည်များထံမှ သိရသည်။

သြင်္ကန်ကာလအတွင်း ရန်ကုန်မြို့အတွင်း ခရီးသွားပြည်သူများ အဆင်ပြေရန် YBS ယာဉ်လိုင်းပေါင်း ၆၀ ကျော်မှ ယာဉ် ၇၆၉ စီးဖြင့် ပြေးဆွဲပေးရန် စီစဉ်ခဲ့ကာ ယာဉ်စီးခ သတ်မှတ်နှုန်းထားထက် ပိုကောက်ခံပါက စည်းကမ်းချက် ၁၃၈ ချက်အရ ဒဏ်ငွေ ကျပ်သုံးသောင်းထက် မကျော်သော ပြစ်ဒဏ်ကို အရေးယူနိုင်ကြောင်း YRTA ထံမှ သိရသည်။ 

J-06


  • VIA