News

POST TYPE

EDITOR PICK POST

သျှစ်သောင်းဘုရားပွဲတွင် ညပွဲကျင်းပခွင့်ပိတ်
19-Apr-2018


စစ်တွေ၊ ဧပြီ ၁၈ 

မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရား ဗုဒ္ဓပူဇနိယ နှစ် ၉၀ ကြိမ်မြောက် ဘုရားပွဲတော်တွင် ညပွဲအစီအစဉ်များ ကျင်းပခွင့်ကို ပိတ်သိမ်းလိုက်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၁၅ ရက်က ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန် ၈ ဦးကို ဖမ်းဆီးကာ တရားစွဲဆိုထားသောကြောင့် ဩဝါဒ ဆရာတော်ကြီးများက ယခုနှစ် ကျင်းပမည့်ပွဲတော်၌ ညပွဲအစီအစဉ်များကို ထည့်သွင်းကျင်းပရန် မသင့်ကြောင်း မိန့်ကြားသဖြင့် မကျင်းပခြင်းဖြစ်ကြောင်း သျှစ်သောင်းဘုရားဂေါပက ဥက္ကဋ္ဌ ဦးဦးကျော်သိန်းက ဆိုသည်။

အဆိုပါပွဲကို မေလ ၂၉ ရက်မှစ၍ ၅ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ညပွဲအဖြစ် ဇာတ်သဘင်၊ ပွဲဈေးတန်းများ ပါဝင်မည်မဟုတ်သော်လည်း နေ့လယ်ဘက်အချိန်၌ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲ (ရိုးရာပြိုင်လောင်းပွဲ)၊ ဘောလုံးပွဲတို့ကို ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ 

ပွဲတော်ကို ကျင်းပရန် သက်ဆိုင်ရာက ခွင့်မပြုသော်လည်း မိမိတို့၏ အစီအစဉ်ဖြင့် ကျင်းပခွင့်ပြုမည်ဖြစ်ကြောင်း၊ ယင်းကြောင့် ရပ်/ကျေး အုပ်ချုပ်ရေးအဆင့်ဖြင့် ကျင်းပရေးကော်မတီများက ခွင့်ပြုချက်တောင်းခံပြီး ကျင်းပရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဆီမှာ ပွဲကော်မတီတွေက ဒီနေရာမှာ ကျွန်တော်တို့ ပွဲလုပ်မယ်ဆိုပြီးတော့ ခံဝန်လက်မှတ်တွေနဲ့ စာတင်ရမယ်၊ အဲဒါကနေတစ်ဆင့် အထက်ကို တင်ပြမယ်။ အထက်ကတော့ ကျင်းပခွင့်ပေးထားတယ်။ ကိုယ့်ပွဲကို လုံလုံခြုံခြုံ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ကြရမှာပေါ့”ဟု ၎င်းက ဆိုသည်။ 

ရခိုင်ပြည်နယ်ရှိ ခရိုင် ၅ ခု၌ လုံခြုံရေးအရ ပွဲပါမစ်မပေးရန် အမိန့်ညွှန်ကြားစာ ထုတ်ပြန်ထားသောကြောင့် လုံခြုံရေးမပေးခြင်းဖြစ်ကြောင်း၊ ယင်းအမိန့်စာတွင် မည်သည့်ပွဲတော်များကို လုံခြုံရေးယူပြီး မည်သည့်ပွဲများ လုံခြုံရေး မယူပေးကြောင်း စသည်ဖြင့် ဂဃနဏ ညွှန်ကြားထားခြင်း မရှိကြောင်း မြောက်ဦး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

သျှစ်သောင်းဘုရားပွဲတွင် ညပွဲအစီအစဉ်များ မပါဝင်သောကြောင့် ဒေသခံအချို့က ဂေါပကအဖွဲ့ကို ဝေဖန်ပြောဆိုမှုများ ရှိသည်။ 

R-22


  • VIA