News

POST TYPE

EDITOR PICK POST

ရခိုင်ပြည်နယ်တွင် ဈေးသစ်ဆောက်ပေးရန် တောင်းဆိုပါက ဆောင်ရွက်ပေးမည်ဟု စည်ပင်ဝန်ကြီးဆို
06-Apr-2018

စစ်တွေ၊ ဧပြီ ၅

ရခိုင်ပြည်နယ်တွင် အဆင့်မြင့်ဈေးသစ် ၅ ခုဆောက်ရန် ပြည်နယ်လွှတ်တော်က သဘောမတူလျှင် မြို့လူထုတောင်းဆိုပါက မည်သည့်မြို့နယ်တွင်မဆို တည်ဆောက်ပေးမည်ဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

အဆင့်မြင့်ဈေးသစ်ဆောက်ပေးရန် ပြည်သူများတောင်းဆိုပါက အစိုးရငွေမကုန်ဘဲ ပုဂ္ဂလိကကို ပေးကာ ဆောက်လုပ်မှုအပြင် နည်းလမ်းများစွာရှိကြောင်း၊ သို့သော် အစိုးရက ဆောင်ရွက်ပေးပါက ပြည်သူများသက်သာကြောင်း ၎င်းကဆိုသည်။ 

ပြည်နယ်လွှတ်တော်တွင် အဆင့်မြင့်ဈေး ၅ ခု စီမံကိန်းကို ပယ်ဖျက်လိုက်သော်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိ ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း) တွင် ထပ်မံ၍ ပါဝင်သဖြင့် ယင်းစီမံကိန်းကို ထပ်မံပြတ်တောက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုသည်။

“ဈေးကိစ္စကို လွှတ်တော်ကိုယ်စား လှယ်တွေက မထည့်နဲ့ဦး လောလောဆယ်မှာ မဆောက်လို့ ဘာမှမဖြစ်သေးဘူး။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အသုံးပြုလို့ရမယ်လို့ အကြံပြုထားကြတယ်။ အခုထပ်ပါလာတော့ ဖြတ်တောက်ဖို့ပဲရှိတယ်”ဟု ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးမြသန်းက ဆိုသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ ရခိုင်ပြည်နယ် ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း) တွင် ဈေး ၅ ခုအပြင် ပြည်နယ်လွှတ်တော်၌ အတည်မပြုထားသော လုပ်ငန်းပေါင်း ၂၀ ကျော် သန်းပေါင်း ၁၀၀၀ ကျော် ပါဝင်လာသည့်အတွက် ဖြတ်တောက်၊ မဖြတ်တောက်ရန်နှင့် လုပ်ငန်းခေါင်းစဉ်ပေါင်း ဆောင်ရွက်ရန် သင့်၊ မသင့်ကို ဧပြီ ၅ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ယင်းသို့ဆွေးနွေးရာ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးကြပြီး လိုအပ်ချက်များကို ထောက်ပြခဲ့ကြောင်း၊ ဘတ်ဂျက်၊ စီမံကိန်းများကို ရေးဆွဲရာ၌ အချိန်ကာလ ကန့်သတ်ချက်အတွင်း ဆောင်ရွက်ရသည့်အတွက် ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ဆိုသည်။

R-22