News

POST TYPE

EDITOR PICK POST

မကွေး၌ လစ်လပ်ဝန်ကြီး ၂ နေရာ၌ တစ်ဦးကိုသာ ခန့်အပ်
05-Apr-2018 tagged as ဝန်ကြီး မကွေး

မကွေး၊ ဧပြီ ၅

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၌ လစ်လပ်နေသော ဝန်ကြီးနေရာကို ဧပြီ ၅ ရက်နေ့က ကျင်းပသည့် လွှတ်တော်၌ရွေးချယ်ရာတွင် တစ်ဦးကိုသာ ခန့်အပ်ခဲ့ပြီး တစ်ဦးကိုခန့်အပ်ရန် ဆိုင်းငံ့ခဲ့ကြောင်း ယင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောကြားသည်။

ဧပြီလ ၂ ရက်နေ့က ကျင်းပသည့် လွှတ်တော်သို့ ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းခဲ့သည့် လစ်လပ်ဝန်ကြီး ၂ နေရာ ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဝန်ကြီးနေရာများအတွက် ဧပြီလ ၅ ရက်နေ့က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ရွေးချယ်ရာ၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမြင့်ဆွေကိုသာ ရွေးချယ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“ဦးခင်မောင်ထွန်းကို ပြန်ဆိုင်းငံ့ တာက သူနဲ့ပတ်သက်လို့ အကြောင်း ကိစ္စ ရှိမယ်လို့ထင်ပါတယ်။ အကျိုးအကြောင်း ဆက်စပ်မှုလေးတွေ၊ အားနည်းချက်ရှိတွေ ရှိမယ်လို့ ထင်ပါတယ်။ ဦးမြင့်ဆွေလောက် အားမကောင်းဘူးလို့တော့ ထင်ပါတယ်။ အားကောင်းခဲ့ရင် လွှတ်တော်က အတည်ပြုမှာပါ”ဟု နတ်မောက်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက ပြောဆိုသည်။

လစ်လပ်ဝန်ကြီး ၂ နေရာအတွက် ဦးမြင့်ဆွေနှင့် ဦးခင်မောင်ထွန်းတို့ကို ဝန်ကြီးချုပ်က ဒုတိယအကြိမ်မြောက်အဖြစ် အမည်စာရင်း တင်သွင်းခြင်းဖြစ်ပြီး ပထမကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းက ကျင်းပသည့် တိုင်းလွှတ်တော်သို့ ယင်းနေရာများအတွက် အငြိမ်းစားအရာရှိ ၂ ဦးကို တင်သွင်းခဲ့သေးသော်လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများက ကန့်ကွက်ခဲ့သဖြင့် ပယ်ချခဲ့သည်။
 
ဝန်ကြီးနေရာ ဆိုင်းငံ့ခံရသည့် ညွှန်ကြားရေးမှူးဟောင်း ဦးခင်မောင်ထွန်းမှာ ၎င်းညွှန်ကြားရေးမှူးအဖြစ်ရှိစဉ်က လက်အောက်ဝန်ထမ်းများကို ကြမ်းတမ်းစွာ ပြောဆိုဆုံးမခြင်း၊ ထိခိုက်နာကျင်စေခြင်းနှင့် အကြောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်သကဲ့သို့ ပြုမူခဲ့သဖြင့် ၂၀၁၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကဆိုသည်။

“ဦးခင်မောင်ထွန်း ညွှန်ကြားရေးမှူးဖြစ်တုန်းက ဝန်ထမ်းတစ်ဦးကို လက်သီးနဲ့ ထိုးတယ်။ ရုံးမှာရှိတဲ့ဝန်ထမ်းတွေကိုလည်း နွေရာသီပူပြင်းနေတဲ့ အချိန်မှာ နေပူလှန်းတယ်။ သူက ဝန်ကြီးဖြစ်ဖို့ မသင့်တော်ဘူး။ အဓိကကတော့ ကျွန်တော်တို့အနေနဲ့ ပြောချင်တယ်၊ လူဟောင်းတွေကို ဝန်ကြီးနေရာ ပြန်မရွေးဖို့နဲ့ လူငယ်တွေကိုသာ နေရာပေးစေချင်ပါတယ်”ဟု မကွေးဒေသခံ လယ်/ဆည်ဝန်ကြီးဌာနမှ ဝန်ထမ်းဟောင်းတစ်ဦးက ဆိုသည်။

လွင်အေး