News

POST TYPE

EDITOR PICK POST

ဂျပန်မဲဆန္ဒရှင် ထက်ဝက်ခန့် ဝန်ကြီးချုပ်အာဘေးအစိုးရကို မထောက်ခံဟု စစ်တမ်းတွင်ဖော်ပြ


တိုကျို၊ ဧပြီ ၂ 

မိတ်ဆွေပေါင်းသင်းကောင်းစားရေး ခရိုနီဝါဒကျင့်သုံးခဲ့သည်၊ ဖုံးကွယ်ထားမှုများရှိသည်ဟု စွပ်စွဲခံနေရသော ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရအပေါ် ဂျပန်မဲဆန္ဒရှင် ထက်ဝက်ခန့်က မထောက်ခံတော့ကြောင်း ဂျပန်မီဒီယာများက ကောက်ယူသောစစ်တမ်းများကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။

အာဘေးအစိုးရအပေါ် မထောက်ခံသည့်နှုန်းမှာ မတ်လအစောပိုင်းတွင် ၅၀ ရာခိုင်နှုန်းအထိ ရှိလာသည်ဟု ဧပြီလ ၂ ရက်နေ့တွင် ထုတ်ဝေသော ယိုမီအုရိ သတင်းစာ၏ စစ်တမ်းတွင် ဖော်ပြထားသလို ကျိုဒိုသတင်းဌာနက ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော စစ်တမ်း၌လည်း မထောက်ခံသူ ၄၇ ဒသမ ၅ ရာခိုင်နှုန်း အထိရှိလာသည်ဟု ဖော်ပြထားသည်။

အစိုးရအဖွဲ့အပေါ် ထောက်ခံမှုနှုန်းမှာ ကျိုဒိုသတင်းဌာန စစ်တမ်းတွင် ၄၂ ဒသမ ၄ ရာခိုင်နှုန်းရှိလာပြီး အနည်းငယ် ပြန်တက်လာခြင်းဖြစ်သော်လည်း ယိုမီအုရိစစ်တမ်းတွင်မူ ၆ ရာခိုင်နှုန်း ကျသွားပြီး ၄၂ ရာခိုင်နှုန်းသာ ရှိတော့သည်။

စစ်တမ်းနှစ်ခုစလုံးကို မတ်လ ၃၁ ရက်နေ့နှင့် ဧပြီလ ၁ ရက်နေ့အတွင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သောအပတ်အတွင်း ဘဏ္ဍာရေးဝန်ကြီးဟောင်း နိုဘူဟီဆာဆာဂါဝါက နိုင်ငံပိုင်မြေများကို ကျောင်းတည်ထောင်သူတစ်ဦးထံ လက်သိပ်ထိုးရောင်းချပေးခဲ့ခြင်း၊ ယင်းသဘောတူညီချက်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ၎င်းက ပြင်ဆင်ခဲ့ခြင်းတွင် အာဘေးရော၊ အာဘေး၏ဇနီးသည်ပါ ပါဝင်ပတ်သက်ခြင်းမရှိခဲ့ဟု ထွက်ဆိုသွားခဲ့ပြီး သူတစ်ယောက်တည်း အပြစ်ဝန်ခံသွားခဲ့သည်။

ထောက်ခံမှု နှုန်းကျဆင်းလာခြင်းကြောင့် အာဘေး၏ လစ်ဘရယ်ဒီမိုကရက် တစ်ပါတီခေါင်းဆောင်နေရာအတွက် သုံးနှစ်သက်တမ်း သုံးကြိမ်ဆက် အနိုင်ရရေးနှင့် ဂျပန်၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဖြစ်လာရေးမျှော်လင့်ချက်များကို ထိခိုက်လာခဲ့သည်။ ဝန်ကြီးချုပ်အပြောင်းအလဲများပြားလေ့ရှိသည့် ဂျပန်တွင် အာဘေးသည်ထူးထူးခြားခြား ၂၀၁၂ မှ ယနေ့အထိ ဝန်ကြီးချုပ်တာဝန် ယူထားနိုင်သူဖြစ်သည်။ ၂၀၀၆ မှ ၂၀၀၇ ခုနှစ်အထိလည်း တစ်နှစ်တာမျှ ဝန်ကြီးချုပ်တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။

F-03