News

POST TYPE

EDITOR PICK POST

လစ်လပ်ဝန်ကြီး ၂ နေရာ အစားထိုးခန့်ရန် မကွေးတိုင်းလွှတ်တော်သို့ အမည်စာရင်းတင်သွင်း
03-Apr-2018 tagged as ဝန်ကြီး မကွေး

မကွေး၊ ဧပြီ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီး ၂ နေရာကို ပြန်လည်ခန့်အပ်ရန်အတွက် ယင်းတိုင်းဝန်ကြီးချုပ်က ပေးပို့သည့် အမည်စာရင်းများကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ကြေညာခဲ့သည်။

ဧပြီလ ၂ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးစိုးမြင့်နှင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီး ဦးနေမျိုးကျော်တို့၏ နေရာများတွင် ဦးမြင့်ဆွေ (ခရိုင်ပညာရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း) နှင့် ဦးခင်မောင်ထွန်း (လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး-ငြိမ်း) တို့ကို ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ပထမအကြိမ် ဝန်ကြီးချုပ် အမည်စာရင်းတင်သွင်းခဲ့တာကို အသံနှစ်သံ ထွက်လာတယ်။ လွှတ်တော်နဲ့ ပြည်သူတွေအသံပေါ့။ ပြီးခဲ့တဲ့ ဝန်ကြီးလောင်း အမည်စာရင်း တင်သွင်းတဲ့အခါ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံကြားလာရတယ်။ ဝန်ကြီးရာထူးပေးမယ့်အခါ အခက်အခဲတွေ ဖြစ်လာရတယ်။ ကျွန်တော်တို့က မဆွေးနွေးဘဲနဲ့ကို သူတို့က နုတ်ထွက်သွားတယ်။ အခု အမည်စာရင်းတင်သွင်းထားတဲ့ ဝန်ကြီးနှစ်ဦးကိုလည်း ဆွေးနွေးစရာရှိ ဆွေးနွေးမယ်။ ဆွေးနွေးစရာမရှိရင် လွှတ်တော်က အတည်ပြုသွားမှာပါ”ဟု နတ်မောက်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက ပြောကြားသည်။

ပထမအကြိမ်အဖြစ် လစ်လပ်သွားသော ဝန်ကြီး ၂ ဦးနေရာ အစားထိုးရန်အတွက် မကွေးတိုင်းဝန်ကြီးချုပ်က ပညာရေးဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးတစ်ဦးနှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးတို့ကို အမည်စာရင်း တင်သွင်းခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သကဲ့သို့ မကွေးဒေသခံများကလည်း ဆန္ဒထုတ်ဖော်ရန် ကြိုးစားခဲ့ကြသဖြင့် အဆိုပါဝန်ကြီးအမည် စာရင်းတင်သွင်းထားမှုကို ဝန်ကြီးချုပ်က ပြန်လည်ပယ်ဖျက်ပေးခဲ့ရသည်။

ယင်းလစ်လပ်ဝန်ကြီး နေရာများတွင် အသက်အရွယ်ကြီးသူများထက် လူငယ်များကိုသာ ခန့်ထားစေလိုကြောင်း မကွေးဒေသခံများက ဆိုသည်။

အဆိုပါရွေးချယ်ထားသည့် ဝန်ကြီး ၂ ဦးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၂ (က) အရ အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြ၍ လက်မှတ်ရေးထိုးကာ ဧပြီလ ၄ ရက်နေ့တွင် လွှတ်တော်ရုံးထံ တင်ပြနိုင်ပြီး ယင်းနေ့တွင် ဆန္ဒမဲဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း အဆိုပါတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။ 
 
လွင်အေး