News

POST TYPE

EDITOR PICK POST

အစ္စရေးစစ်တပ်၏ ပစ်ခတ်မှုကြောင့် ဂါဇာနယ်စပ်တွင် ပါလက်စတိုင်းဆန္ဒပြသူ ၁၅ ဦးထက်မနည်းသေဆုံး၊ လူရာချီဒဏ်ရာရ


ဂါဇာ၊ မတ် ၃၁

ဂါဇာ-အစ္စရေးနယ်စပ်တွင် ပါလက်စတိုင်း ဆန္ဒပြသူများကို အစ္စရေးစစ်တပ်က ပစ်ခတ်မှုကြောင့် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူရာချီဒဏ်ရာရခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

ဂါဇာတွင် ခြောက်ပတ်ကြာ ဆန္ဒပြမည့်အစီအစဉ်၏ ပထမနေ့တွင်ပင် ပါလက်စတိုင်းသား အများအပြားသေဆုံးခဲ့ပြီးနောက် လွတ်လပ်ပြီးပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ပေးရန် ကုလသမဂ္ဂက မတ်လ ၃၁ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။

နောက်ထက် အသေအပျောက် ဖြစ်စေနိုင်သော မည်သည့်လုပ်ရပ်မဆို မလုပ်ဆောင်ဘဲ ထိန်းသိမ်းကြရန် သက်ဆိုင်သူအားလုံးကိုတိုက်တွန်းကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီ ယိုဂူတာရက်စ်က တိုက်တွန်းခဲ့သည်။

မတ်လ ၃၀ ရက်နေ့တစ်နေ့တည်းတွင်ပင် ပါလက်စတိုင်းသား ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်။ နှစ်ဦးမှာ အစ္စရေးတင့်ကားမှ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟုဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ အစ္စရေးဘက်မှ ကျည်အစစ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၄၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ရော်ဘာကျည်ထိမှန်သူများလည်း ရှိခဲ့ကာ မျက်ရည်ယိုဗုံးဒဏ်ကြောင့် ကုသမှုခံယူရသူများလည်းရှိခဲ့သည်။

ဝန်းရံပိတ်ဆို့ခံထားရသော ဂါဇာနယ်နိမိတ်၏ နယ်စပ်ခြံစည်းရိုးတစ်လျှောက်မှ ပွိုင့်ငါးခုတွင် အမျိုးသမီးများနှင့်ကလေးများ အပါအဝင် ပါလက်စတိုင်းသား သောင်းချီစုဝေးခဲ့ကြပြီးနောက် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ 

ဆန္ဒပြသူများက ၁၉၄၈ အစ္စရေး နိုင်ငံထူထောင်စဉ်မှစ၍ နှင်ထုတ်ခံရသော သို့မဟုတ် ထွက်ပြေးခဲ့ရသော သောင်းနှင့်ချီသည့် ဒုက္ခသည်များကို ပြန်လည်လက်ခံရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲစီစဉ်သူများက နယ်စပ်ဧရိယာနှင့် ဝေးဝေးနေရန် ဆန္ဒပြသူများကို တိုက်တွန်းထားခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရာနှင့်ချီသော ပါလက်စတိုင်းလူငယ်များသည် အစ္စရေးစစ်တပ်က စောင့်ကြပ်နေသော နယ်စပ်ခြံစည်းရိုးနှင့် ပိုမိုနီးကပ်လာခဲ့ကြသည်။

ပါလက်စတိုင်းသားများက မီးရှို့ထားသည့် တာယာများ၊ ကျောက်ခဲများဖြင့် အစ္စရေးတပ်ဖွဲ့များကို ပစ်ပေါက်ခဲ့သောကြောင့် ကျည်အစစ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ရခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်သည်။

အစ္စရေးစစ်တပ်သည် လူမဲ့လေယာဉ်သုံး၍ပါ မျက်ရည်ယိုဗုံးကြဲချခဲ့သည်ဟု မျက်မြင်ကြုံခဲ့ရသူများက ဆိုသည်။ နေရာသုံးခုထက်မနည်းတွင် တင့်ကားဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီး အစ္စရေးစစ်သား များကိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဆိုသောနေရာကို တိုက်လေယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အစ္စရေးစစ်သား တစ်ဦးမျှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။ 

အစ္စရေးသည် အင်အားအလွန်အကျွံ သုံးတုံ့ပြန်ခဲ့သည်ဟု ပါလက်စတိုင်းနှင့် တူရကီအာဏာပိုင်များက ဝေဖန်ခဲ့ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ် အစည်းအဝေး နယူးယောက်တွင် ကျင်းပလျက်ရှိသည်။

F-01