News

POST TYPE

EDITOR PICK POST

မြောက်ဦးဒေသကို တရုတ်နိုင်ငံမှ ပညာရှင်အဖွဲ့နှင့် ပူးပေါင်း သုတေသနလုပ်မည်
31-Mar-2018

ရန်ကုန်၊ မတ် ၃၁

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် တရုတ်နိုင်ငံမှ ပညာရှင်အဖွဲ့နှင့်ပူးပေါင်း၍ ဧပြီလ ၁ ရက်မှ ၁၀ ရက်အထိ သုတေသနလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ပြောကြားသည်။

“ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ယဉ်ကျေးမှု နယ်မြေဒေသတွေကို နိုင်ငံတကာက ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး လုပ်နေတာဖြစ်တယ်။ တင်သွင်းဖို့အတွက် အသေးစိတ် သုတေသနတွေ လုပ်ကြမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ရန် အဆိုပြုလွှာမူကြမ်းကို ယူနက်စကို (ဗဟို)သို့ ၂၀၁၈ စက် တင်ဘာလတွင် နောက်ဆုံးထား၍ တင်ပြ ရမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ အကူအညီဖြင့် စေတီပုထိုးများကို သုံးဖက်မြင်ရုပ်ကြွ ဓာတ်ပုံများဖြင့်လည်း ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင် ရိုက်ကူးမှုများ ရှိခဲ့သည်။

“မြောက်ဦးဇုန်မှာ နယ်မြေဒေသအရလည်း သွားလာရေးခက်ခဲတယ်။ ဧရိယာက ချောင်းနဲ့မြောင်းတွေ ပေါများနေတော့ အလုပ်က တအားတွန်းပြီးတော့ ဆောင်ရွက်နေရတယ်။ နိုင်ငံတကာက ပူးပေါင်း ကူညီလာတော့ မြန်မြန်ခရီးရောက်မှာပါ။ ဒီနှစ်ထဲ အချက်အလက် မှတ်တမ်းတွေ အပြီးသတ်တင်နိုင်ဖို့ ကြိုးစားနေတယ်”ဟု ယူနက်စကိုအဖွဲ့(မြန်မာ)မှ စီမံကိန်း ညှိနှိုင်းဆောင်ရွက်နေသော အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ် ဒေသတွင် ဗိသုကာလက်ရာ ထွန်းကားသည့် ရှစ်သောင်းဘုရား၊ အံတော်သိမ်နှင့် တောင်များကို အသုံးပြု၍ ခံတပ်တည် ဆောက်ထားသည့် စနစ်များသည် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းရာတွင် လုံလောက်သော အချက်များဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကိုရုံးမှ ပညာရှင်တစ်ဦးက မှတ်ချက်ပြုထားသည်။

ယူနက်စကိုမှ ပျူမြို့ဟောင်း သုံးမြို့ဖြစ်သော သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ရှေးဟောင်း ယဉ်ကျေးမှုဇုန်များကို ကမ္ဘာ့ အမွေအနှစ် စာရင်းဒေသအဖြစ် သတ်မှတ်ခဲ့ပြီးနောက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်တွင် ပုဂံရှေး ဟောင်းယဉ်ကျေးမှုဇုန်၊ ၂၀၁၈ ခုနှစ်တွင် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် ၂၀၁၉ ခုနှစ် ရွှေတိဂုံစေတီတော်တို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့အစည်း (ယူနက်စကို)သို့ ဝင်ရောက်ရန် ဆက်လက် ကြိုးပမ်းနေခြင်း ဖြစ်သည်။

J-14