News

POST TYPE

EDITOR PICK POST

အရှိန်ပြင်းမောင်းနှင်သည်ဟုပြောဆိုသော ခရီးသည်ကို YBS ယာဉ်မောင်းက ကတ်ကြေးနှင့်ထိုး
30-Mar-2018

ရန်ကုန်၊ မတ် ၂၉

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံမှ လှိုင်သာယာမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းသို့ပြေးဆွဲသော YBS အမှတ် (၆) ယာဉ်မောင်းအား အရှိန်ပြင်းစွာမောင်းနှင်သည်ဟု ဝေဖန်ပြောဆိုသော အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး ကတ်ကြေးဖြင့်ထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

လှိုင်သာယာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မင်းရဲကျော်စွာ (၁၃) လမ်းတွင် နေထိုင်သူ အသက် ၃၃ နှစ်အရွယ် YBS အမှတ် (၆) ယာဉ်မောင်း အမျိုးသားသည် မတ်လ ၂၇ ရက် ည ၇ နာရီခန့်က တောင်ဒဂုံဘက်မှ လှိုင်သာယာဘက်သို့ မောင်းနှင်လာစဉ် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၁၄/၃) ရပ်ကွက်၊ မြင်သာဈေးရှေ့မီးပွိုင့် ကားမှတ်တိုင်အရောက် ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦးက ယာဉ်အားအရှိန်ပြင်းစွာမောင်းနှင်သည်ဟု ဝေဖန်ပြောဆိုသဖြင့် စကားများရန်ဖြစ်ပြီး ကတ်ကြေးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဓားထိုးမှုဖြစ်တယ်သတင်းကြားလို့ သွားစစ်ဆေးတာ။ ကားအရှိန်ပြင်းမောင်းလို့ ပြောဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ခရီးသည်ကို ယာဉ်မောင်းက ကတ်ကြေးနဲ့ထိုးလိုက်တာပါ။ ကတ်ကြေးက အရိုးအသွား ၆ လက်မလောက်ရှိတယ်။ ကတ်ကြေးက ယာဉ်မောင်းဘေးမှာ ပါလာတာလို့ သိရတယ်။ ကတ်ကြေးနဲ့ထိုးခံရသူက ဘယ်ကလဲမသိရသေးဘူး၊ သတိမရတဲ့အတွက် မေးမရဘူး”ဟု အမှုဖွင့် တိုင်တန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ကတ်ကြေးဖြင့်ထိုးခံရမှုကြောင့် အသက် ၂၈ နှစ်အရွယ် ခရီးသည်အမျိုးသားမှာ ဘယ်ရင်အုံထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ညာဘက်နံရိုး ထိုးသွင်းသွေးထွက်ဒဏ်ရာတစ်ချက် ရရှိပြီး သင်္ဃန်းကျွန်း (စံပြ) ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် တင်ပို့ကုသခဲ့ရသဖြင့် ပြစ်မှုကျူးလွန်သည်ဟုဆိုသော ယာဉ်မောင်းအမျိုးသားကို ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ်သက်ပိုင်ဦးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၃၈၉/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။

J-16