News

POST TYPE

EDITOR PICK POST

နာဂလူငယ်နှစ်ဦးကို ကေအိုင်အေ ဖမ်းဆီး
30-Mar-2018 tagged as နာဂ လူငယ် KIA

မြစ်ကြီးနား၊ မတ် ၂၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လမုန်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် နာဂလူငယ်နှစ်ဦးကို မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်က ကချင်လက်နက်ကိုင်အဖွဲ့ KIA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးသည် မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ၎င်းတို့ထံမှသိရသည်။ 

အဆိုပါ လူငယ်နှစ်ဦးသည် ကွမ်တည်လယ်ကွင်းအနီး ထင်းခွေပြီး နွားလှည်းနှင့်ပြန်လာစဉ် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာအုပ်ချုပ်ရေးလူကြီးများထံ အကူအညီတောင်းခံမည်ဖြစ်ကြောင်း ယင်းကိစ္စကို ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောကြားသည်။

“ထင်းခွေပြီး အပြန်လမ်းမှာ စောင့်ပြီး ဖမ်းခေါ်သွားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လတ်တလော အသိပေးအကြောင်းကြားလာခြင်း၊ တိုင်ကြားလာခြင်း မရှိသေးသည့်အတွက် မသိရှိရသေးကြောင်း တနိုင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားသည်။

ကချင်လက်နက်ကိုင်တပ်ဖွဲ့သည် တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှရွာသားများကို တပ်သားသစ်အဖြစ်ခေါ် ဆောင်သွားသည်မှာ ယခုမတ်လအတွင်း သုံးကြိမ်ခန့်ရှိနေပြီဖြစ်ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ် တနိုင်းဒေသအတွင်းတွင် ကချင်လက်နက်ကိုင်တပ်ဖွဲ့က လှုပ်ရှားမှုများရှိကာ ပြီးခဲ့သည့်လများတွင် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သော်လည်း လတ်တလော၌ ပစ်ခတ်တိုက်ခိုက်မှုများ ငြိမ်သက်နေကြောင်း ဒေသခံများထံမှ သိရသည်။

R-06