News

POST TYPE

EDITOR PICK POST

YBS ၄၀ ယာဉ်သစ်အစီး ၃၀ ထပ်တိုး
29-Mar-2018 tagged as ရန်ကုန် YBS

ရန်ကုန်၊ မတ် ၂၈

ရွှေပြည်သာ-သခင်မြပန်းခြံခရီးစဉ် ပြေးဆွဲနေသော YBS ၄၀ ယာဉ်လိုင်း၌ တရုတ်နိုင်ငံထုတ် Ankai ယာဉ်အမျိုး အစားစီးတီးဘတ်စ်ယာဉ်သစ် ၃၀ ကို မတ်လ ၂၈ ရက်က ထည့်သွင်းပြေးဆွဲခဲ့ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အရင်ပြေးနေတဲ့ ကားတွေက ဂျပန် စီးတီးဘတ်စ်ကားဟောင်းတွေပါ။ ခရီးသည်တွေက ယာဉ်အသစ်တွေထည့်သွင်းဖို့ တောင်းဆိုနေတာ ကြာပါပြီ။ တောင်းဆိုမှုအရ ထည့်သွင်းလိုက်ပါပြီ။ ယာဉ်စီးခက ၂၀၀ ပါပဲ”ဟု ၎င်းက ဆို သည်။

အဆိုပါယာဉ်လိုင်းအနေနှင့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီက ယာဉ် ၃၆ စီးနှင့် ရွှေလမ်းခင်းကုမ္ပဏီက ၃၅ စီး ပူးပေါင်းပြေးဆွဲခြင်းဖြစ်ပြီး လက်ရှိ ယာဉ် ၁၀၀ စီးကျော်ဖြင့် နေ့စဉ်ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် စီးတီးဘတ်စ် ယာဉ်အသစ်များ ထည့်သွင်းအသုံးပြုခဲ့ပြီး ယာဉ်အမျိုးအစားများအနေနှင့် Foton၊ Ankai၊ Yutong ယာဉ်များဖြစ်ကာ ခရီးသည် ၃၄ ဦးမှ ၄၀ ဦးခန့်အထိ တင်ဆောင်နိုင်ကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။ 

“Ankai ယာဉ်အမျိုးအစားက ခရီးသည် ၃၉ ဦး ဆံ့တယ်။ Yutong ကတော့ ၃၄ ဦးပဲ ဆံ့တယ်။ ဒါပေမဲ့ Yutong က ပိုကောင်းတယ်။ Foton ယာဉ်ကလည်း ခရီးသည် ၄၀ မကျော်လောက်ဘူး။ အရင်တုန်းက ဂျပန်ကားတွေတုန်းက ၄၅ ဦး ဆံ့တွေလေ”ဟု ၎င်းက ဆိုသည်။

အဆိုပါယာဉ်လိုင်းသည် ရွှေပြည်သာ (လိန်ကုန်း)၊ ထန်းခြောက်ပင်၊ တညင်းကုန်း၊ ဖော့ကန်၊ ၁၄ လမ်းဆုံ၊ ပြည်တော်သာ၊ အိမ်မဲကြီး၊ သုံးထိပ်၊ ထန်းခြောက်ပင်၊ ဘုရင့်နောင်လမ်းမကြီး၊ ပေါက်တောဝ၊ သီရိမင်္ဂလာဈေးသစ်၊ စံပြငါးဈေး၊ ကမ်းနားလမ်း၊ သခင်မြပန်းခြံတို့ကို ပြေးဆွဲလျက်ရှိသည်။

J-06