News

POST TYPE

EDITOR PICK POST

SME လုပ်ငန်းများကို ဂျပန်နည်းပညာပံ့ပိုးမည်
21-Mar-2018 tagged as ဂျပန် နည်းပညာ SME

ရန်ကုန်၊ မတ် ၂၀

ပြည်တွင်းမှ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို ဂျပန်နိုင်ငံမှ Japan-Myanmar Economy & Investment Center (JMEIC) အဖွဲ့က နည်းပညာပံ့ပိုးပေးမည်ဖြစ်ကြောင်း JMEIC အဖွဲ့ဥက္ကဋ္ဌ Mr.Noriyuki Yonemura က ပြောကြားသည်။ 

မတ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ဂျပန်နိုင်ငံမှ Japan-Myanmar Economy & Investment Center (JMEIC) အဖွဲ့နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများပူးပေါင်း၍ “ဂျပန်-မြန်မာ SME Seminar and Business Exchange” ပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“မြန်မာနိုင်ငံက SME စတာ ငါးနှစ်လောက်ပဲ ရှိသေးတယ်။ ဂျပန်က ၁၉၄၈ ခုနှစ်ကတည်းကစခဲ့တာ။ နှစ်ပေါင်း ၇၀ ကျော်ပြီ။ သမိုင်းကြောင်းတွေက အများကြီးပဲ။ SME တွေအနေနဲ့ ငွေကြေးရရှိနိုင်မှုက နံပါတ်တစ်ပဲ။ ဈေးကွက်ကိုလည်း မြှင့်တင်နိုင်ဖို့လိုတယ်။ ဒါကြောင့် နည်းပညာနဲ့ ဥပဒေပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးမယ်”ဟု JMEIC အဖွဲ့ဥက္ကဋ္ဌ Mr. Noriyuki Yonemura က ဆက်လက်ပြောဆိုသည်။ 

ပလတ်စတစ်ထုတ်ကုန်များ၊ ရေပိုက်နှင့် အခြားပိုက်အမျိုးမျိုး ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်အပိုပစ္စည်းနှင့် စက်ရုံသုံးပစ္စည်းများ ထုတ်လုပ်ခြင်း၊ ပစ္စည်းများထုပ်ပိုးခြင်း၊ ဆောက်လုပ်ရေးနှင့် အိမ်တွင်း အလှဆင်လုပ်ငန်းများ၊ ဝါယာကြိုးချိတ်ဆက်မှုနှင့် ထုတ်ကုန်များ စသည့် ဂျပန်ကုမ္ပဏီ ၂၁ ခုမှ ဂျပန်လုပ်ငန်းရှင် ၂၇ ဦးနှင့် ပြည်တွင်းလုပ်ငန်းရှင် ၉၀ ဦးခန့်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ 

“မြန်မာနိုင်ငံက စက်မှုလုပ်ငန်းတွေကို ဂျပန်နိုင်ငံက ပိုပြီးပံ့ပိုးစေချင်တယ်။ ဒီနေ့ တွေ့ဆုံတဲ့အချိန်က နည်းပေမယ့် သတင်းအချက်အလက်တွေ ဖလှယ်မယ်။ သူတို့အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိမယ်ဆိုရင် နောက်ရက်တွေမှာ အသေးစိတ်ဆွေးနွေးမှုတွေ ထပ်လုပ်ကြမှာပါ”ဟု စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောကြားသည်။ 

ဂျပန်လုပ်ငန်းရှင်များအနေနှင့် မီးရထားလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ၊ စက်မှုကုန် ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ပံ့ပိုးကူညီမှုများပြုလုပ်ရန် ပိုမိုစိတ်ဝင်စားကြကြောင်း ဂျပန်လုပ်ငန်းရှင်များထံမှ သိရသည်။ 

ပြည်တွင်းမှ အသေးစားနှင့်အလတ်စား (SME) လုပ်ငန်းများကို သက်သာသည့် အတိုးနှုန်းနှင့် ထုတ်ချေးပေးနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က မြန်မာအစိုးရကို ကျပ်ငွေ ၅၀ ဘီလီယံ ထုတ်ချေးပေးခဲ့ပြီးလာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင်လည်း ကျပ်ငွေ ၁၅၀ ဘီလီယံ ထုတ်ချေးပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။ 

J-11