News

POST TYPE

EDITOR PICK POST

YBS ပေါ်တွင် ခါးပိုက်နှိုက်နေသူ သုံးဦးကို ဖမ်းမိ
16-Mar-2018



ရန်ကုန်၊ မတ် ၁၅

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းရှိ ကားကြီးဂိတ်မှတ်တိုင်နှင့် တံတားဖြူမှတ်တိုင်တို့တွင် မတ်လ ၁၄ ရက်နေ့က YBS ယာဉ်ပေါ်ပါ ခရီးသည်များထံမှ လက်ကိုင်ဖုန်းနှင့် ငွေများ နှိုက်ယူခဲ့သော ခါးပိုက်နှိုက် အမျိုးသားသုံးဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်မှုများ မကြာခဏ ဖြစ်ပွားနေသောကြောင့် ခါးပိုက်နှိုက်ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့ ခရီးသည်အသွင်ယူ၍ YBS ယာဉ်များပေါ် လိုက်ပါစီးနင်းပြီး စုံစမ်းခဲ့ရာ မတ်လ ၁၄ ရက် နံနက် ၉ နာရီက အမှတ် (၂) လမ်းရှိ ကားကြီးဂိတ်မှတ်တိုင်တွင် YBS (၆) ယာဉ်တစ်စီးပေါ်မှ အမျိုးသားတစ်ဦး၏ Samsung အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ်တစ်သောင်းခုနစ်ထောင်ကို နှိုက်ယူခဲ့သော ခါးပိုက်နှိုက်အမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့သည်။

ယင်းနောက် နာရီဝက်ခန့်အကြာတွင် အမှတ် (၂) လမ်းရှိ တံတားဖြူမှတ်တိုင်တွင် YBS ၆၀ ခရီးသည်တင်ယာဉ်တစ်စီးပေါ်မှ အမျိုးသားတစ်ဦး၏ ဂျင်းဘောင်းဘီအိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ်တစ်သောင်းသုံးထောင်ကို နှိုက်ယူခဲ့သော အမျိုးသားတစ်ဦးကို ထပ်မံဖမ်းမိခဲ့သည်။

အဆိုပါ ဖမ်းမိသည့် အသက် ၃၀ နှစ် ကျော်ကြီး (ခ) ကျော်သက်နိုင်အပါအဝင် အမျိုးသားသုံးဦးကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် ခါးပိုက်နှိုက်အမှုများဖြင့် အရေးယူထားပြီး အခြားကျူးလွန်ထားသည့် ခါးပိုက်နှိုက်အမှုများ ရှိ မရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03