News

POST TYPE

EDITOR PICK POST

နေ့ပြန်တိုးအကြွေးတောင်းရာက လူသတ်မှုကျူးလွန်သည်ဟုဆိုသော လင်မယားနှစ်ဦးကို တရားစွဲ
09-Mar-2018

ရန်ကုန်၊ မတ် ၈

နေ့ပြန်တိုး အကြွေးတောင်းရာ စကားများရန်ဖြစ်ပြီး ထိုးကြိတ်ရိုက်နှက်ရာက အသက် ၅၃ နှစ်အရွယ်အမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ လင်မယားနှစ်ဦးကို မတ်လ ၆ ရက် မွန်းလွဲပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ထားကြောင်း ယင်းတရားရုံးထံမှ သိရသည်။

တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ အောင်မင်္ဂလာပတ်လမ်းတွင် ဖေဖော်ဝါရီ ၅ ရက်နေ့က အဆိုပါလမ်းတွင် နေထိုင်သူ အသက် ၅၃ နှစ်အရွယ် ဦးလှထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဒေါ်ဝင်းမာတို့သည် သေဆုံးသူအမျိုးသမီးက ဆိုက်ကားစီးပြီးပြန်လာစဉ် နေ့ပြန်တိုးအကြွေးတောင်းရာ စကားများရန်ဖြစ်ပြီး ဝိုင်းဝန်းထိုးကြိတ်ကြရာ ဒဏ်ရာရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားသဖြင့် တာမွေမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးကာ တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သေသွားတဲ့အမျိုးသမီးက တခြားအမျိုးသမီးတစ်ဦးဆီကို နေ့ပြန်တိုးအကြွေးပေးပြီး ဆိုက်ကားနဲ့ပြန်လာတာ။ အခုပြစ်မှုကျူးလွန်တဲ့လင်မယားနဲ့ လမ်းမှာတွေ့တော့ အကြွေးတောင်းရင်း စကားများရန်ဖြစ်ပြီး ထိုးကြိတ်ရိုက်နှက်ရာက လူသေဆုံးတဲ့အထိဖြစ်သွားတာ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လူသတ်မှုကျူးလွန်သည်ဟုဆိုသော လင်မယားနှစ်ဦးကို တာမွေမြို့မရဲစခန်းက (ပ) ၁၁၄/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုတင်ပို့ခဲ့ရာ အရှေ့ပိုင်းခရိုင် တရားရုံးက အမှုအမှတ် ၇၈/၁၉ ဖြင့် လက်ခံခဲ့ပြီး ဒုတိယခရိုင်တရားသူကြီး ၈ မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

J-16