News

POST TYPE

EDITOR PICK POST

အကျင့်ဆိုးဝန်ထမ်းများ ရှိနေဆဲဟု စီမံ/ဘဏ္ဍာ ဒုဝန်ကြီး လွှတ်တော်တွင် ဆို
နေပြည်တော်၊ မတ် ၈

အကျင့်ဆိုးများ မဖျောက်နိုင်သေးသည့်ဝန်ထမ်းများ ရှိနေဆဲဖြစ်သောကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထုတ်ပယ်သည်အထိ အရေးယူရမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

ယနေ့ (မတ် ၈) ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ပထမ ၆ လပတ် အခွန်ရငွေစာရင်းများအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ သဘောထားမှတ်ချက်ကို ပြန်လည်ရှင်းလင်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြုပြင်ပြီး ကြိုးစားလျက်ရှိသော ဝန်ထမ်းများအများအပြားရှိသကဲ့သို့ မပြုပြင်သေးသော၊ အကျင့်ဆိုးများရှိသည့် ဝန်ထမ်းများလည်း ရှိနေဆဲဖြစ်တာကို ကျွန်တော်တို့ဝန်ခံပါတယ်”ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။

၎င်းတို့ကို ပဲ့ပြင်ဆုံးမသောနည်းလမ်း၊ စောင့်ကြည့်ကြပ်မတ်သောနည်းလမ်း၊ အရေးယူ အပြစ်ပေးသည့်နည်းလမ်းများဖြင့် ပြုပြင်လျက်ရှိပြီး ပြုပြင်မရပါက ထုတ်ပယ်သည်အထိ အရေးယူရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၆-၁၇ တွင် အရေးယူခံရသည့် ဝန်ထမ်း ၂၆ ဦးရှိခဲ့ပြီး ၂၀၁၇-၁၈ ပထမခြောက်လတွင် ၁၇ ဦးရှိခဲ့ကြောင်း ဒုဝန်ကြီးက ပြောဆိုသည်။

အခွန်ဆောင်ခြင်းနှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်များကို လွှတ်တော်နှင့်ပူးပေါင်းပြင်ဆင်၍ ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းချက်များ ဆောင်ရွက်လျက်ရှိပြီး အခွန်ထမ်းပြည်သူများကိုလည်း ပညာပေးခြင်း၊ စည်းရုံးခြင်း၊ အသိအမှတ်ပြုခြင်းနှင့် အရေးယူခြင်းများပြုလုပ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

S-01