News

POST TYPE

EDITOR PICK POST

နှစ်လကျော်ရပ်နားခဲ့သည့် YBS ၂ ယာဉ်လိုင်း ယာဉ်သစ်များဖြင့် ပြန်ဆွဲ
09-Mar-2018 tagged as ရန်ကုန် YBS YUPT

ရန်ကုန်၊ မတ် ၈

ယုဇနဥယျာဉ်မြို့တော်မှ အောင်မင်္ဂလာအဝေးပြေးအထိ ယာဉ်အိုယာဉ်ဟောင်းများဖြင့် ပြေးဆွဲနေသော YBS ၂ ယာဉ်လိုင်းသည် တစ်လိုင်းလုံးရှိ ယာဉ်များအပ်နှံကာ နှစ်လကျော်ရပ်နားခဲ့ပြီး မတ်လ ၇ ရက်က တရုတ်ယာဉ်သစ်ဖြင့် ပြန်လည်ပြေးဆွဲကြောင်း ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောကြားသည်။

“အရင်ကားတွေက အရည်ကျိုအပ်လိုက်ပြီး ယာဉ်သစ်ပြန်မထည့်ရသေးလို့ နားထားတာ။ အဲဒီနေရာမှာ အစားထိုးပြေးဆွဲပေးတာပါ။ လမ်းကြောင်းက ပုံမှန်အတိုင်းပါပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါယာဉ်လိုင်းတွင် ယာဉ်အို၊ ယာဉ်ဟောင်းဖြစ်သည့် ၉၆၊ ၉၇၊ ၉၈ ယာဉ် ၃၀ စီးခန့် အပ်နှံခဲ့ပြီး လက်ရှိ တရုတ်နိုင်ငံထုတ် Yutong ယာဉ်အမျိုးအစား ၂၀ စီးဖြင့် ပြေးဆွဲလျက်ရှိကာ အရည်ကျိုအပ်နှံလိုက်ခြင်းကြောင့် ယခင်ထက် ယာဉ်စီးရေ ၁၀ စီးခန့် လျော့သွားကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။

လက်ရှိ YBS ၂ ယာဉ်လိုင်းသည် ယုဇနခိုင်ရွှေဝါလမ်း၊ ပြည်ထောင်စုလမ်း၊ လှော်ကားလမ်း၊ မောင်းမကန်လမ်း၊ အမှတ် ၂ လမ်း၊ တောင်မြောက် လမ်းဆုံ၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဥက္ကလာပ အဝိုင်း၊ ခေမာသီလမ်း၊ ဆေး-၂၊ မြောက်ဥက္ကလာပဆေးရုံ၊ ခြောက်ကွေ့၊ အောင်မင်္ဂလာအဝေးပြေးဝင်း ခရီးစဉ်တို့ကို ပြေးဆွဲလျက်ရှိသည်။

YUPT ကုမ္ပဏီလက်အောက်တွင် ယာဉ်လိုင်းပေါင်း ၂၀ ပြေးဆွဲလျက်ရှိပြီး ၉၆၊ ၉၇၊ ၉၈ ယာဉ်အို၊ ယာဉ်ဟောင်း ၁၀၀ စီးကျော် အပ်နှံခဲ့ကာ လက်ရှိ ယာဉ် ၁၂၇၀ စီးဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

J-06