News

POST TYPE

EDITOR PICK POST

မီတာစနစ် ၄ မျိုး ဧပြီလမှစ၍ ကျင့်သုံးမည်
ရန်ကုန်၊ မတ် ၆

မြန်မာတစ်နိုင်ငံလုံး ဧပြီလမှစ၍ မီတာစနစ် လေးမျိုးပြောင်းလဲကာ မီတာခကို ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

“၁၄ ရက်နေ့မှာပဲ အသေးစိတ်ကို ပြည်ထောင်စုဝန်ကြီးက ရှင်းပါလိမ့်မယ်။ အခုချိန်မှာ ကျွန်တော်ကြိုပြောလို့ မဖြစ်နိုင်သေးပါဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါမီတာစနစ်နှင့် ပြောင်းလဲကောက်ခံမည့်အစီအစဉ်နှင့်ပတ်သက်၍ မတ်လ ၁၄ ရက်နေ့တွင် နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးတွင် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယခုနှစ် ဧပြီလ ၁ ရက်မှစ၍ ကုန်ကျစရိတ် သက်သာစေရန် မီတာစနစ်လေးမျိုးကို ပြောင်းလဲမည်ဖြစ်ကာ ကျေးလက်၊ မြို့ငယ်နှင့် မြို့ကြီး၊ စက်မှုသုံးဟူ၍ခွဲခြားမည်ဖြစ်ကြောင်းနှင့် ၂ နှစ်မှ သုံးနှစ်အတွင်း မီတာများကို ပြောင်းလဲမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ ရက်က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည့် အင်တာဗျူးတွင် ပြောကြားထားသည်။

“မီတာသစ်တပ်တဲ့အခါမှာ ကျေးရွာရယ်၊ မြို့ပေါ်ရယ်၊ မြို့ပြင်ရယ်နဲ့ စီးပွားရေးသုံးရယ်ဆိုပြီး အကြမ်းဖျင်း သတ်မှတ်ထားပြီး အနိမ့်ဆုံးသုံးသူကို ဈေးသက်သက်သာသာနဲ့ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ”ဟု ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) တာဝန်ရှိသူက ပြောကြားသည်။

သို့သော် အသေးစိတ်အစီအစဉ်နှင့် မီတာခကောက်ခံမည့်ဈေးနှုန်းကိုမူ ၎င်းအနေနှင့် ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။

လျှပ်စစ်သုံးစွဲမှုအများဆုံးဖြစ်သည့် ရန်ကုန်တိုင်းတွင် အိမ်သုံးမီတာ သုံးစွဲမှုနှုန်း ၅၀ ရာခိုင်နှုန်းရှိပြီး စီးပွားရေးနှင့် စက်မှုလုပ်ငန်းများက ၃၄ ရာခိုင်နှုန်းကို အသုံးပြုလျက်ရှိကြောင်း၊ လမ်းမီးနှင့် အခြားက ၁၆ ရာခိုင်နှုန်းကို သုံးစွဲနေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၃၉ ရာခိုင်နှုန်းလောက်သာ ထုတ်လုပ်ပေးနိုင်သေးပြီး တိုင်းပြည်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၄၅၀၀ မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိ ထုတ်လုပ်နိုင်မှုမှာ ၃၂၀၀ မဂ္ဂါဝပ်ခန့်ရှိကြောင်း၊ လိုအပ်လာမည့် မဂ္ဂါဝပ် ၃၀၀၀ ကို ဖြည့်ဆည်းနိုင်ရန် LNG သဘာဝဓာတ်ငွေ့ရည်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ကာလတိုအတွက် ရွေးချယ်ဆောင်ရွက်ရန်လည်း စီစဉ်ထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

J-14