News

POST TYPE

EDITOR PICK POST

ရေမြောင်း အုတ်နံရံပြိုကျရာမှ တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
ရန်ကုန်၊ မတ် ၅

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်ရှိ စစ်တောင်း ၁၀ လမ်းနှင့် ချယ်ရီ ၇ လမ်းထောင့်တွင် မတ်လ ၄ ရက် နံနက် ၉ နာရီဝန်းကျင်က ရေမြောင်းအုတ်နံရံပြိုကျရာမှ မြောင်းပြုပြင်နေသည့် အလုပ်သမားများအပေါ် ပိမိကာ ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၁၅ နှစ် မောင်အေးချမ်းမောင်မှာ ယင်းနေ့က ၎င်း၏အဖွဲ့နှင့်အတူ စစ်တောင်း ၁၀ လမ်းအတွင်း ရေမြောင်းပြုပြင်နေစဉ် ရေမြောင်းအလျား ၃၅ ပေ၊ အမြင့် ၄ ပေ ၁၀ လက်မ၊ ထုထည် ၉ လက်မခန့်ရှိ ရေမြောင်းအုတ်နံရံမှာ ပြိုကျပြီး ၎င်းတို့အပေါ် ပိမိခဲ့သည်။

“ကုမ္ပဏီတစ်ခုက အလုပ်သမားတွေ ရေမြောင်းပြုပြင်နေချိန်မှာ အုတ်နံရံပြိုကျပြီး ပိမိတာ။ လက်ရှိအမှုက သေမှုသေခင်းပဲ ဖွင့်ထားပြီး စစ်ဆေးနေတုန်းပါ”ဟု ရဲအရာရှိက ပြောသည်။

ပြိုကျသည့် အုတ်နံရံဖြင့် ပိမိသူခြောက်ဦးတွင် မောင်အေးချမ်းမောင် သေဆုံးခဲ့ပြီး ကျန်ငါးဦးအနက် နှစ်ဦးရခဲ့သည့် ထိခိုက်ဒဏ်ရာများမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ - ရဲတပ်ဖွဲ့

S-03