News

POST TYPE

EDITOR PICK POST

YBS ၁၇ တွင် ခါးပိုက်နှိုက် ဖမ်းမိ
06-Mar-2018

ရန်ကုန်၊ မတ် ၅

လှိုင်သာယာမြို့နယ်၊ အလယ်ရွာလမ်းဆုံမှတ်တိုင်တွင် မတ်လ ၄ ရက် မွန်းလွဲ ၂ နာရီခန့်က YBS ၁၇ ယာဉ်လိုင်းပေါ်၌ ခါးပိုက်နှိုက်ပြီး ဆင်းလာသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ခါးပိုက်နှိုက်မှုဖြင့် ဖမ်းဆီးအရေးယူခံရသူမှာ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်တွင်နေထိုင်သူ သန့်ဇော်ဦးဖြစ်ပြီး YBS ၁၇ ယာဉ်ပေါ်တွင် အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦး၏ ဘေးလွယ်အိတ်အတွင်းမှ ပိုက်ဆံအိတ်ကို မိမိ၏ ဂျင်းအင်္ကျီလက်ရှည်ဖြင့်ကာ၍ ဇစ်ဆွဲယူပြီး နှိုက်ယူကာ ဆင်းလာခြင်းဖြစ်ကြောင်း၊ ယင်းခေါက်ပိုက်ဆံအိတ်အတွင်းမှ ငွေကျပ်တစ်သောင်းခြောက်ထောင်ကျော်၊ မန်မိုရီကတ်တစ်ခု၊ အူရီဒူးဆင်းမ်ကတ်တစ်ခုတို့နှင့် အခြားပစ္စည်းများကို တွေ့ရှိပြီး သိမ်းဆည်းရရှိခဲ့ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“တိုင်းမှုခင်းအကူဌာနစုကနေ ဖမ်းဆီးတာ။ ခိုးဆိုးလုနှိုက်မှုတွေကျဆင်းဖို့ တိုင်းအစီအစဉ်နဲ့ လိုက်လံဖမ်းဆီးနေတယ်။ YBS ယာဉ်တွေပေါ် လိုက်ပါစီးနင်းပြီးတော့ မသင်္ကာဖွယ်ရာတွေ့ရှိသူတွေ၊ ခါးပိုက်နှိုက်မှုတွေ ကျူးလွန်နေတဲ့သူတွေကို ဖော်ထုတ်ရင်း ဖမ်းမိခဲ့တာပါ။ မသင်္ကာတွေ့လို့ ရှာဖွေစစ်ဆေးလိုက်တဲ့အချိန်မှာ ပိုင်ဆိုင်ကြောင်းအထောက်အထားလည်း တိတိကျကျ မပြောနိုင်ဘူး၊ ဆက်လက်စစ်ဆေးတော့ နှိုက်လာတယ်ဆိုတာ ပေါ်ပေါက်တာနဲ့ အရေးယူခဲ့တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

ယင်း YBS ၁၇ ယာဉ်ပေါ်မှ ခါးပိုက်နှိုက်မှုကျူးလွန်သည်ဟုဆိုသော မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိသူ အသက် ၂၆ နှစ်အရွယ် သန့်ဇော်ဦးကို ဥပဒေအရ အရေးယူပေးရန် တိုင်းမှုခင်း အကူဌာနစုမှ ရဲအုပ် တင်မင်းလှိုင်က အမှုဖွင့်တိုင်ကြားသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းက (ပ) ၈၆၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

J-16