News

POST TYPE

EDITOR PICK POST

မနော်ရမ္မံတွင်ကျင်းပမည့် လူငယ်သင်္ကြန် ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးမည်
06-Mar-2018

မန္တလေး၊ မတ် ၅

မန္တလေးမြို့ ၆၂ လမ်းရှိ မနော်ရမ္မံကွင်းအတွင်း လူငယ်သင်္ကြန်ပွဲတော် ကျင်းပမည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

ယခင်နှစ်က မနော်ရမ္မံကွင်း၌ ကျင်းပခဲ့သော လူငယ်သင်္ကြန်ပွဲတော်ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဦးဆောင်ကျင်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်များကို ဦးဆောင်ကျင်းပစေခြင်း ဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က “ကုမ္ပဏီတစ်ခုကိုပဲ လုပ်ခွင့်ပေးမယ်။ သူ့ ကုမ္ပဏီသင်္ကြန်ပေါ့။ အဆိုတော်ငှားချင်တဲ့ သူငှား။ သူကနေ လက်ခွဲပြီး ကြိုက်တာလုပ်။ သူ့ဘာသာ စည်းကမ်းချက်ထုတ်ပေါ့”ဟု ပြောဆိုသည်။

လူငယ် သင်္ကြန်ပွဲတော်ကျင်းပလိုသော လုပ်ငန်းရှင်များအနေနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနတွင် လေလံလျှောက်ထားရမည်ဖြစ်ကာ လျှောက်လွှာများတစ်စောင်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ထုတ်ယူနိုင်ပြီး မတ်လ ၅ ရက်မှ ၁၄ ရက်အထိ လက်ခံမည်ဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့်ရသူကို အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။

လုပ်ကိုင်ခွင့်ရသူအနေနှင့် ကွင်းအတွင်းရေကစားခြင်း၊ ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကာ ရေရရှိစေရေးမြို့တော် စည်ပင်သာယာရေးကော်မတီက စီစဉ်ပေးမည်ဟု ယင်းကော်မတီထံမှ သိရသည်။

M-07