News

POST TYPE

EDITOR PICK POST

အတွန်းအတိုက်လမ်းကြောင်းပေါ်က မြန်မာနှင့်ကုလ


Asia Times ၏ ဆောင်းပါးကို NLM ဘာသာပြန်ဆိုသည်။

ရခိုင်ရှေ့တန်းမြေပြင်သို့ ကုလသမဂ္ဂမရောက်နိုင်အောင် မြန်မာအစိုးရက ပိတ်ပင်ထားမှုသည် ပြန်လည်အရေးယူပိတ်ဆို့ခံရမည့်အရေးမှ ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

မြန်မာနိုင်ငံသည် ပစ်ပယ်ခံရမည့်အရေးကို ပြန်လည်ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံကို အကျယ်လောင်ဆုံး ဝေဖန်နေသူမှာ ကုလသမဂ္ဂ ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများ၊ လူမျိုးတုံး သန့်စင်မှုများနှင့်အတူ ဘင်္ဂါလီ (ရိုဟင်ဂျာ) ၇၀၀,၀၀၀ ခန့်ကို မောင်းထုတ်ခဲ့သော မြန်မာ့တပ်မတော်၏ စီမံချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အစိုးရကို ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြစ်တင်ဝေဖန်ခဲ့သည်။

အတုံ့အလှည့်အနေနှင့် မြန်မာတာဝန်ရှိသူများက ကုလအေဂျင်စီများကို အကြမ်းဖက်သမားများအား ထောက်ပံ့နေသည်ဟု ပြောဆိုဝေဖန်ခဲ့ကြပြီး ယနေ့ခေတ်ကာလ အဆိုးဆုံး လူသားမျိုးနွယ် ဘေးသင့်မှုဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် ကုလအထောက်အပံ့နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လျော့နည်းလာခဲ့သည်။

ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံသည် ပြင်းပြင်းထန်ထန် သဘောကွဲလွဲမှုဖြစ်ပေါ်နေပြီး ရခိုင်ပြည်နယ်မှဖြစ်ရပ်သည် တမင်စေ့ဆော်ကာ လူအမြောက်အမြား သတ်ဖြတ်မှုဖြစ်သည်ဟု အကဲခတ်လေ့လာသူများစွာက ရှုမြင်ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ နားလည်မှုလွဲမှားခြင်းဟုသာ သတ်မှတ်ယူဆသည်။ 

၂၀၀၈ ခုနှစ်က နာဂစ်ဆိုက်ကလုံးကြောင့် ဆိုးဆိုးဝါးဝါး သေကျေပျက်စီးခဲ့ရသော ပြည်သူများထံ ကုလလူသားချင်းစာနာမှုအကူအညီများ မရောက်နိုင်အောင် တပ်မတော်အစိုးရက ပိတ်ပင်ခဲ့သည့်ဖြစ်ရပ်နောက်ပိုင်း ယခုတစ်ကြိမ်တွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ၏ဆက်ဆံရေး အခြေအနေသည် အဆိုးဝါးဆုံးသို့ ရောက်ရှိနေသည်။

မြန်မာနိုင်ငံတွင် တပ်မတော်ဟုခေါ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ စုံမှိတ်ငြင်းဆန်မှု အရိပ်နောက်တွင် သက်သောင့်သက်သာ ပုန်းခိုလျက်ရှိသည်။ သို့ရာတွင် ရခိုင်ပြည်နယ်မှ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများတွင် အရပ်သားများအပေါ် စစ်သားများက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ၏ အထောက်အထားများ ထင်ရှားလာသည့်အလျောက် အရေးယူဒဏ်ခတ်မှုများ ပြုလုပ်ရန် တောင်းဆိုမှုများ မြင့်တက်လာမှုနှင့်အတူ နိုင်ငံတကာ၏ တုံ့ပြန်မှုကို ကုလသမဂ္ဂက စီစဉ်ဆောင်ရွက်တော့မည်ဖြစ်သည်။

စက်တင်ဘာလက ကုလအထွေထွေညီလာခံသို့ တက်ရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက “ကျွန်ုပ်တို့သည် လူ့အခွင့်အရေး ချိုးဖောက်မှုအားလုံးနှင့် ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များကို ပြစ်တင်ရှုတ်ချသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနှင့် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကို စိုးရိမ်ခြင်းမရှိပါ”ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အချိန်ငါးလကြာသည်အထိ လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့ပြီး အထောက်အထားခိုင်လုံစွာ ထွက်ပေါ်လာသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချရန် ပျက်ကွက်နေခဲ့သည်။ ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ စိုးရိမ်မှုများကို လျစ်လျူရှုထားခဲ့ပြီး တပ်မတော်က ရှင်းလင်းရေးလုပ်ဆောင်ခဲ့သည့် နယ်မြေများတွင် ထွက်ပေါ်လာသော အစုအပြုံလိုက် မြှုပ်နှံထားသည့်အလောင်းများအပါအဝင် ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များကို စစ်ဆေးမည့် ကုလစစ်ဆေးရေးမှူးများကို နိုင်ငံအတွင်းသို့ ဝင်ခွင့်ပိတ်ပင်ထားသည်။

ပဋိပက္ခမီး တငွေ့ငွေ့လောင်နေဆဲ ရခိုင်ပြည်နယ်သို့ မီဒီယာသွားလာခွင့် လက်တစ်ဆုပ်ခန့် အပါအဝင် အကန့်အသတ်ဖြင့် ခွင့်ပြုမှုများသည် အာဏာပိုင်များက စီစဉ်ပေးသော နေ့ချင်းပြန်ခရီးစဉ်များထက် မပိုနိုင်သေးပေ။

နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စံနမူနာ ခေါင်းဆောင်အဖြစ်မှ လူမျိုးရေးဦးစားပေး အမျိုးသားခေါင်းဆောင်အဖြစ်သို့ ဒေါ်အောင်ဆန်းစုကြည် ပြောင်းလဲသွားမှုသည် သူမ၏ ယခင်ထောက်ခံသူများကို အံ့ဩတုန်လှုပ်သွားစေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်က ဩဂုတ်လနောက်ပိုင်း ကုလသမဂ္ဂအဖွဲ့၏ ကဏ္ဍမျိုးစုံမှ တာဝန်ရှိသူများ ဇယ်ဆက်သလို ရောက်ရှိလာမှုကို လက်ခံတွေ့ဆုံခဲ့ရသည်။

ကုလသမဂ္ဂတွင် ရခိုင်ပြည်နယ်ပြဿနာ လူပြောများလာမှုနှင့်အတူ လုံခြုံရေးကောင်စီက ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လာခဲ့သည်။ ၂၀၁၇ နိုဝင်ဘာလ ၆ ရက်တွင် လုံခြုံရေးကောင်စီသဘာပတိ၏ ရှားရှားပါးပါးထုတ်ပြန်ချက်တွင် စာနာမှု အကူအညီများ အတားအဆီးမရှိ သွားရောက်ခွင့်ပေးရေးနှင့် တပ်မတော်စစ်ဆင်ရေးများ ရပ်တန့်ရေးကို တောင်းဆိုခဲ့သော်လည်း မည်သည့်အသိအမှတ်ပြုလိုက်နာမှုမှ မရှိခဲ့ပေ။

ထိုမှ လေးလခန့်ရှိလာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ဒုက္ခသည်စခန်းများအထိသာ သွားရောက်နိုင်ခဲ့သော UNHCR မဟာမင်းကြီး ဖိလစ်ပိုဂရမ်ဒီ၏ အစီရင်ခံစာ ထွက်ပေါ်လာပြီးချိန်အထိ ရခိုင်ပြည်နယ်သို့ ကုလသမဂ္ဂ အေဂျင်စီများ သွားရောက်မှုကို ပိတ်ပင်ထားဆဲဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအစီအစဉ်မှာလည်း ရပ်ဆိုင်းနေသည်။

မြန်မာနိုင်ငံသို့ သွားရောက်ရန် လုံခြုံရေးကောင်စီက ယခုလအတွင်း တောင်းဆိုထားခြင်းကိုလည်း အချိန်မတန်သေး၍ ဆိုင်းငံ့ထားသည်ဟု မြန်မာသံအမတ် ဟောက်ဒိုဆွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် အင်းဒင်ရွာတွင် ရိုဟင်ဂျာ ၁၀ ဦးအား သတ်ဖြတ်မြှုပ်နှံထားမှုနှင့် ပတ်သက်၍ ထိုသတင်းကို လိုက်နေသူ ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးမှုနှင့် လအတန်ကြာ ငြင်းဆန်နေမှုများအပြီးတွင် တပ်မတော်က အမှားလုပ်မိကြောင်း ထုတ်ဖော်ဝန်ခံလိုက်ခြင်းကိုမူ ကြိုဆိုရမည်ဖြစ်သည်။

သို့ရာတွင် ရိုဟင်ဂျာများကို ဖိနှိပ်နေမှုများ အဆုံးသတ်ရန် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က လုံခြုံရေးကောင်စီမှတစ်ဆင့် ဖိအားပေးနေခြင်းကိုမူ နေပြည်တော်နှင့် သံတမန်ရေးနွေးထွေးမှုကို ကြိုးစားနေသည့် တရုတ်နှင့် စစ်တပ်ကို လက်နက်ရောင်းဖို့ မြှူဆွယ်နေသည့် ရုရှားတို့က ကန့်ကွက်ကြမည်ဖြစ်သည်။

ရာဇာလီအစ္စမေးလ်၊ အီဘရာဟင်ဂမ်ဘာရီမှသည် ဗီဂျေးနမ်ဘီယာအထိ ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်များသည် နှစ်ပေါင်းများစွာ ရလဒ်မကောင်းခဲ့ကြပေ။ ၂၀၁၆ ခုနှစ်က ဗီဂျေးနမ်ဘီယာ၏ တာဝန်ပြီးဆုံးပြီးနောက် ၎င်း၏နေရာကို ယခုအထိ အစားမထိုးနိုင်ခြင်းမှာ ကုလသမဂ္ဂ၏ လုပ်ငန်းချို့ယွင်းမှုတစ်ခုဖြစ်သည်။

Asia Times က ကြည့်ရှုခဲ့ရသော စာရွက်စာတမ်းများက ကုလသမဂ္ဂ၏ နယူးယောက်ဌာနချုပ်နှင့် မြန်မာနိုင်ငံရှိ ရုံးခွဲတို့အကြား ညှိနှိုင်းဆောင်ရွက်မှု မရှိခြင်း၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဌာနေအေဂျင်စီများအကြား ကာလရှည်ကြာ အုပ်စုကွဲနေခြင်းတို့ကို ညွှန်ပြနေသည်။

အဆိုပါ ကုလအဖွဲ့တွင်း ပြိုင်ဆိုင်မှုသည် အေဂျင်စီတစ်ခုအား တားမြစ်နယ်မြေများသို့ သွားရောက်ခွင့်ပေးခြင်းအပါအဝင် အခြားအေဂျင်စီများထက် ပိုမိုမျက်နှာသာပေးသည့် မြန်မာအစိုးရ၏ သွေးခွဲအုပ်ချုပ်မှု နည်းလမ်းကြောင့် ပိုဆိုးလာခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာအတွက် ထည့်သွင်းစဉ်းစားသည့် စာရင်းတွင် ဩစတြေးလျဝန်ကြီးချုပ်ဟောင်း ကီဗင်ရုဒ်၊ ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုတို့ ပါဝင်သော်လည်း ယခုအထိ ဆုံးဖြတ်နိုင်ခြင်း မရှိသေးပေ။

မကြာသေးမီက တာဝန်ပြီးဆုံးသွားသည့် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးကိုယ်စားလှယ် ရီနာတာလော့ခ် ဒီဆာလီယန်သည် ရခိုင်ပြည်နယ်နှင့် စစ်ဘေးသင့်ဒေသများတွင် လူ့အခွင့်အရေးကို အားပေးရန် ပျက်ကွက်ခဲ့မှုကြောင့် များစွာပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသည်။

ယခု ဌာနေညှိနှိုင်းရေးကိုယ်စားလှယ်အသစ် နတ်အော့စဘီကမူ မြန်မာအစိုးရ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပြန်လည်ထိတွေ့ဆက်ဆံမှု အသစ်ပြုလုပ်ရန်နှင့် မီဒီယာများကို ပိုမိုဆက်သွယ်ဆောင်ရွက်ရန် ကတိပြုထားသည်။ “ကျွန်တော်တို့ရဲ့ မူတွေကို လျှော့ပေးရမယ်ဆိုရင် ကျွန်တော်တို့ရဲ့အလုပ်မှာလည်း ထိခိုက်လာမယ့် အန္တရာယ်ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ် အဖွဲ့သည်လည်း သီရိလင်္ကာ ပြည်တွင်းစစ်တွင် စစ်တပ်က အရပ်သား ၄၀,၀၀၀ ခန့်ကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်အပြီး ကုလသမဂ္ဂက ချမှတ်ခဲ့သည့် လူ့အခွင့်အရေး ရှေ့တန်းတင်ရေး မဟာဗျူဟာအပေါ် တာဝန်ယူမှုမရှိသောကြောင့် ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသည်။

ထို့အပြင် ယခင်အစိုးရလက်ထက်က ကုလသမဂ္ဂ၏ အရှုပ်အထွေးကိစ္စများထဲတွင် ရန်ကုန်မြို့ရှိ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦး၏ အိမ်ကို UNICEF က တစ်လလျှင် ဒေါ်လာ ၈၇,၀၀၀ ဖြင့် ငှားရမ်းခဲ့သည့် ဖြစ်ရပ်လည်း ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်သည် ၂၀၁၁ နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့များ၏ ညှဉ်းပန်းနှိပ်စက်မှု သတင်းများကို စုံစမ်းစစ်ဆေးရန် အခွင့်အာဏာရှိသည့် ကုလလူ့အခွင့်အရေးကောင်စီ၏ အချက်အလက် ရှာဖွေရေးမစ်ရှင်အပေါ်တွင် အရေးတယူမရှိခဲ့ကြပေ။

ကုလ အချက်အလက်ရှာဖွေရေးမစ်ရှင်သည် မြန်မာနိုင်ငံသို့ ဝင်ခွင့်ပိတ်ပင်ခံရသော်လည်း အိမ်နီးချင်းတိုင်းပြည်များသို့ သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်နှင့် အစိုးရသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စီစဉ်လုပ်ဆောင်ခဲ့သည်ဟူသော ညွှန်ပြချက်များပါဝင်သည့် အစီရင်ခံစာကို မတ်လတွင် တင်ပြခဲ့သည်။

ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ပရင့်စ်ဇိဒ်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်မှ သောင်းကျန်းသူနှိမ်နင်းမှုစစ်ဆင်ရေးများတွင် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ရှိခဲ့သည်ဟု လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

ကုလ လူ့အခွင့်အရေးကောင်စီသည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူမျိုးစုများ၏ အခြေအနေနှင့် ပတ်သက်၍ ဖော်ပြထားသော ဒီဇင်ဘာလ အထူးအစီရင်ခံစာအပါအဝင် ကြေညာချက်များကို ထုတ်ပြန်ရာတွင် ရိုဟင်ဂျာတို့ကို မျက်နှာသာပေးထားဆဲဖြစ်ပြီး ရခိုင်ဗုဒ္ဓဘာသာများ၊ မြိုတိုင်းရင်းသားများ၊ ဟိန္ဒူများအပေါ် စနစ်တကျညှဉ်းပန်းမှုများကိုမူ တမင်တကာ လျှော့ပေါ့ထားခဲ့သည်။

မြန်မာအစိုးရ တာဝန်ရှိသူများက ကုလသမဂ္ဂနှင့် နိုင်ငံတကာမီဒီယာများသည် ရိုဟင်ဂျာတို့ကို မျက်နှာသာပေးကာ ဘက်လိုက်မှုရှိသည်ဟု ယုံကြည်ကြပြီး အစ္စလာမ်မုန်းတီးရေး အမျိုးသားရေးဝါဒီများကလည်း OIC က ခြယ်လှယ်နေသည်ဟု ရှုမြင်ကြသည်။

ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီးလီကမူ သူမ၏ မကြာသေးမီက အကဲဖြတ်ချက်နှင့် ထုတ်ပြန်ချက်များတွင် အစိုးရ၏ ပျက်ကွက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ထားဆဲပင်ဖြစ်သော်လည်း ဘက်မလိုက်ဘဲ ဟန်ချက်ညီမှုကို ချီးကျူးဖွယ်ရာ ထိန်းသိမ်းထားသည်။ ယန်ဟီးလီအား ပိတ်ပင်မှုသည် မြန်မာအစိုးရက ကြွေးကြော်ထားသော လူ့အခွင့်အရေးလေးစားရေး၊ တာဝန်ယူမှုမြှင့်တင်ရေး စသည်တို့ကို ထိခိုက်စေသည်။

မြန်မာအစိုးရ၏ ကုလသမဂ္ဂ စိုးရိမ်မှုအပေါ် အလေးမထားခြင်းနှင့် မုန်တိုင်းအလွန်ကို စောင့်နေသည့် မဟာဗျူဟာတို့သည် ရခိုင်ပြည်နယ်မှ ရက်စက်သောဖြစ်ရပ်များ မီဒီယာတွင် ထွက်ပေါ်လာခြင်း၊ အနောက်နိုင်ငံများက ဖိအားပေးခြင်းတို့နှင့်အတူ ပြင်းပြင်းထန်ထန် စမ်းသပ်ခံရတော့မည်ဖြစ်သည်။ ထိုဖိအားပေးမှုသည် နိုင်ငံတကာနှင့် ဆက်ဆံရေးပျက်ပြားနေစဉ် လူသားချင်းစာနာကူညီမှုနှင့် ဖွံ့ဖြိုးရေးအထောက်အပံ့များ ပုံမှန်အတိုင်း ပြန်လည်ရရှိရေးကို အဟန့်အတားဖြစ်စေလိမ့်မည်။

နိုင်ငံတကာနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးကိစ္စအပေါ် နောက်ဆုံးစိန်ခေါ်လာသည့် ပြဿနာမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ရိုဟင်ဂျာ ၇၀၀,၀၀၀ ရခိုင်ပြည်နယ်သို့ ပြန်နိုင်ရေးကိစ္စဖြစ်သည်။ မြန်မာအစိုးရသည် ဒုက္ခသည်များ ဘေးကင်းရန်ကင်း သိက္ခာရှိရှိ ပြန်လာနိုင်ရေး စည်းမျဉ်းများကို ပစ်ပယ်ထားပြီး ကုလသမဂ္ဂအေဂျင်စီများ သွားရောက်ခွင့်နှင့် အကဲဖြတ်ခွင့်အတွက် တောင်းဆိုမှုများကိုလည်း လျစ်လျူရှုထားသည်။

ကုလသမဂ္ဂက ဒုက္ခသည်များ ပြန်လာနိုင်ရေးနှင့် နေရာချထားရေး လုပ်ငန်းစဉ်တွင် ကုလအဖွဲ့ပါဝင်ပတ်သက်ရန် လိုအပ်သည့်စည်းမျဉ်းကို တစ်သမတ်တည်း ဆုပ်ကိုင်နေခဲ့သည်။ သို့ရာတွင် ဒုက္ခသည်များ ပြန်လာရေးကို အမှန်တကယ် ဟန့်တားနေသည့်အရာမှာ ကုလလူသားချင်းစာနာမှု အကူအညီရောက်ရှိရေးကိစ္စမဟုတ်ဘဲ ရိုဟင်ဂျာများ ကိုယ်တိုင်က ကြောက်ရွံ့နေကြသည့်ကိစ္စဖြစ်ပြီး ကုလကယ်ဆယ်ရေးဝန်ထမ်းများက ထိုအချက်ကို သိရှိကြသည်။

ထိုအတောအတွင်း ကိုဖီအာနန်ကော်မရှင်၏ အဆိုပြုချက်များကို အကောင်အထည်ဖော်မည့် မျှော်လင့်ချက်များမှာ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးထားသော နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့မှ အမေရိကန်သံတမန်ဟောင်း ဘီလ်ရစ်ချတ်ဆန် နုတ်ထွက်သွားမှုကြောင့် အနှောင့်အယှက် ပေါ်လာခဲ့သည်။

ရစ်ချတ်ဆန်က ၎င်းနုတ်ထွက်ရခြင်းသည် အင်းဒင်ရွာ အစုအပြုံလိုက် သတ်ဖြတ်မှုသတင်းကို လိုက်နေသော ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုကိစ္စနှင့် ပတ်သက်၍ ၎င်းက တင်ပြမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ပယ်ချခဲ့ခြင်းကို ဘဝင်မကျသောကြောင့်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သူမသည် မှန်ကန်သောအကြံပြုသူမရှိသည့်ခွင်တွင် ပိတ်မိနေပုံရပြီး သူမအတွက် အထောက်အကူဖြစ်နိုင်မည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုခံရအောင် ကိုယ်တိုင်ပြုလုပ်နေသည်ဟု ရစ်ချတ်ဆန်က ရိုက်တာသို့ ပြောကြားသည်။

ရခိုင်ကိစ္စ၏ အပြင်ဘက်နယ်ပယ်တွင်မူ မြန်မာအစိုးရသည် ကုလသမဂ္ဂ၏ အထောက်အပံ့နှင့် ကျွမ်းကျင်မှုအကူအညီကို အသည်းအသန်လိုအပ်နေသည်။ ကုလသမဂ္ဂ၏ ၂၀၁၇ နှစ်ကုန်ပိုင်း လူသားချင်းစာနာ ကူညီရေးဆိုင်ရာ အကဲဖြတ်အစီရင်ခံစာတွင် မြန်မာနိုင်ငံလူဦးရေ ၅၃ သန်းအနက် ၈ ဒသမ၃ သန်းသည် ပဋိပက္ခဘေးနှင့် သဘာဝဘေးဒဏ်သင့် နယ်မြေများတွင် နေထိုင်နေရပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူ ၈၆၂,၈၅၁ ဦး ရှိသည်ဟု ခန့်မှန်းထားသည်။

လွန်ခဲ့သော ၂ နှစ်အတွင်း အဆိုပါ ဘေးသင့်ပြည်သူများကို ကူညီပေးနိုင်သည့်ခွင်မှာ သိသိသာသာ ကျဉ်းမြောင်းလာခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ကုလသမဂ္ဂ အေဂျင်စီများသည် မောင်တော၌ ရုံးစောင့်ဝန်ထမ်းမျှသာ ဆက်လက်ထားရှိကာ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ထားသောနယ်မြေများသို့ သွားလာခွင့် ပိတ်ပင်ခံထားရသည်။

မကြာသေးမီက ဂြိုဟ်တုဓာတ်ပုံများတွင် အာဏာပိုင်များက ဒေသဖွံ့ဖြိုးရေး စီမံကိန်းအသစ်အတွက် ကျေးရွာအကြွင်းအကျန်များကို ဘူဒိုဇာဖြင့် ရှင်းလင်းထားသည်ကို တွေ့ရပြီး အကြမ်းဖက်မှု အထောက်အထားများကို ဖယ်ရှားခြင်းဖြစ်သည်ဟု ယူဆရသည်။

လူသားချင်းစာနာမှု အကူအညီ ရောက်ရှိနိုင်ရေးသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တိုက်ပွဲများကြောင့် ဒေသခံအရပ်သား ၁၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် တောင်ပေါ်ဒေသများတွင်လည်း ယိုယွင်းလျက်ရှိသည်။

ထိုရိုက်ခတ်မှုသည် ကုလသမဂ္ဂ အစီအစဉ်များအပေါ်တွင်သာမကဘဲ အဆိုပါနယ်မြေများတွင် လှုပ်ရှားနေသော ပြည်တွင်းကယ်ဆယ်ရေးအဖွဲ့များနှင့် နိုင်ငံတကာ အင်န်ဂျီအိုများအပေါ်တွင်လည်း သက်ရောက်မှု ရှိနေသည်။

လူသားချင်းစာနာမှု အကူအညီများ မရောက်နိုင်အောင် ကန့်သတ်ခံရမှုကြောင့် ပြည်တွင်း၊ ပြည်ပမှ အပြစ်တင်မှုများသည် မြန်မာစစ်တပ်၏လက်ရှိ ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နယ်မြေခံတိုင်းမှူးများအပေါ်တွင် တိုက်ရိုက်ကျရောက်လျက်ရှိသည်။ အစိုးရကမူ လူသားချင်းစာနာမှု အကူအညီများရောက်ရှိရန် လိုအပ်နေမှုကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ သိသိသာသာ ရေငုံနှုတ်ပိတ်နေသည်။

ပြည်တွင်းစစ်အကြောင်းကို အစိုးရက နှိုက်နှိုက်ချွတ်ချွတ် မသိရှိခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုတင်ပြင်ဆင်ကြမည့် ဒေသအလိုက် နိုင်ငံရေးဆွေးနွေးဟောပြောပွဲများ ကျင်းပခွင့်ကို တပ်မတော်က ခါးခါးသီးသီး ငြင်းဆန်နေခြင်း၊ နိုင်ငံမြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ကြီးထွားနေခြင်း စသည့် အကြောင်းရင်းများသည် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားပျော့ပျက်ပြယ်သွားစေရန် အကြောင်းဖန်လျက်ရှိသည်။

နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုကို လျစ်လျူရှုရာတွင် အသားကျနေသော မြန်မာသံတမန်များကမူ မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် အဆင်သင့်ရှိနေသည်ဟု ထပ်တလဲလဲ ပြောဆိုနေကြသည်။ သို့ရာတွင် အစိုးရက ကုလသမဂ္ဂနှင့် ကယ်ဆယ်ရေးအေဂျင်စီများကို မိတ်ဆွေအဖြစ်ထက် အန္တရာယ်များအဖြစ်သာ ရှုမြင်နေသောကြောင့် ထိုထုတ်ပြန်ချက်များသည် အလဟဿဟု ဆိုနိုင်သည်။

ကုလသမဂ္ဂကို ဘေးသို့ ပထုတ်ထားခြင်းသည် ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခဘေးနှင့် စစ်ဘေးဒဏ်သင့်နေသော နယ်မြေများမှ အကူအညီလိုအပ်နေသော ဒေသခံပြည်သူများစွာကို အန္တရာယ်ဖြစ်စေသည်။ အစိုးရသည် ရခိုင်ပြည်နယ်မှ အကြမ်းဖက်ဖြစ်ရပ်များကို ဖုံးကွယ်နိုင်ရန်အတွက် ရေတို အမျိုးသားရေးမူကို ဆုပ်ကိုင်နေခြင်းသည် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တစ်ခုလုံးကို အန္တရာယ်ကျရောက်အောင် ပြုလုပ်သကဲ့သို့ ဖြစ်နေသည်။