News

POST TYPE

EDITOR PICK POST

YBS ၁၀ ယာဉ်လိုင်းတွင် တရုတ်နိုင်ငံထုတ် စီးတီးဘတ်စ်များ တိုးချဲ့ပြေးဆွဲမည်
02-Mar-2018 tagged as ရန်ကုန် YBS YUPT

ရန်ကုန်၊ မတ် ၁

တိုင်းရင်းသားကျေးရွာမှ ဒဂုံတက္ကသိုလ်ကျောင်းအထိ မီနီဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲနေသည့် YBS ၁၀ ယာဉ်လိုင်းတွင် တရုတ်နိုင်ငံထုတ် စီးတီးဘတ်စ်ယာဉ်များဖြင့် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောကြားသည်။

“ယာဉ်ကို နံပါတ်စတစ်ကာတွေ ကပ်နေပြီ။ တနင်္လာနေ့လောက် တိုင်းအစိုးရအဖွဲ့ကို စာတင်မယ်။ ယာဉ်အသစ်သွင်းရင် တိုင်းအစိုးရအဖွဲ့ခွင့်ပြုချက်ယူရတယ်လေ။ ခွင့်ပြုချက်ရတာနဲ့ စပြေးမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါယာဉ်လိုင်းသည် မီနီဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲနေသည့် ယာဉ်လိုင်းဖြစ်ပြီး ဒဂုံတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ အားပြုစီးနင်းနေကာ ခရီးသည်များ စီးနင်းမှုပိုမိုအဆင်ပြေစေရန် Yutong ယာဉ်အမျိုးအစား ယာဉ်စီးရေ ၃၀ ကို တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် YBS ၁၀ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၅၅ စီးရှိရာ တစ်ရက်လျှင် ယာဉ် ၄၅ စီးဖြင့် တိုင်းရင်းသားကျေးရွာ၊ ရှုခင်းသာမြို့ပတ်လမ်း၊ ၅ ကွေ့၊ ဇင်္ဂမလမ်း၊ မင်းနန္ဒာလမ်း၊ ကျောက်တိုင်၊ သုဝဏ္ဏ တံတား၊ အသင်းတိုက်၊ ဇဝန၊ သုမင်္ဂလာလမ်း၊ ပါရမီလမ်း၊ ချော်တွင်းကုန်း၊ နဝဒေး၊ သုဓမ္မာလမ်း၊ မြောက်ဥက္ကလာအဝိုင်း၊ ဗိုလ်မှူးဗထူးလမ်း၊ ဒဂုံတက္ကသိုလ်ခရီး စဉ်တို့ကို ပြေးဆွဲလျက်ရှိကြောင်း YUPT ကုမ္ပဏီထံမှ သိရသည်။

ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT တွင် YBS ၇၊ ၂၈၊ ၃၆၊ ၈၊ ၉၊ ၁၀၊ ၁၇၊ ၂၉၊ ၁၅ ယာဉ်လိုင်းများအပါအဝင် ယာဉ်လိုင်း ၂၀ ကို ယာဉ် ၁၂၇၀ စီးဖြင့် ခရီးသည်ပို့ဆောင်လျက်ရှိသည်။

J-06