News

POST TYPE

EDITOR PICK POST

ဆော်ဒီတွင် စစ်ဘက်ခေါင်းဆောင်များကို အပြောင်းအလဲလုပ်၊ အမျိုးသမီး ဒုတိယဝန်ကြီးတစ်ဦးကို ခန့်အပ်
28-Feb-2018



ရီယတ်၊ ဖေဖော်ဝါရီ ၂၇

လူဦးရေထက်ဝက်ကျော်မှာ အသက် ၂၅ နှစ်အောက် အရွယ်များဖြစ်ကြသော ဆော်ဒီအာရေးဗီယားနိုင်ငံတွင် ဘုရင်ဆော်လ်မွန်က လူငယ်များကိုနေရာပေးလိုသည်ဟု နိုင်ငံပိုင်ရုပ်သံက ကြေညာလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ငယ်ရွယ်သူ အိမ်ရှေ့မင်းသားကလည်း လူမှုဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အလယ်အလတ် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်။ 

ဆော်ဒီဘုရင်ဆော်လ်မွန်သည် စစ်ဘက်နှင့်ဝန်ကြီးဌာနဆိုင်ရာ ထိပ်ပိုင်းရာထူးများကို အပြောင်းအလဲပြုလုပ်ကြောင်း တနင်္လာနေ့က ကြေညာသည်။

ဘုရင်ဆော်လ်မွန်က ဒုတိယဗိုလ်ချုပ်ကြီး ဖာရက်ဘင်ဟာမက်အယ်လ်ရူဝေလီကို ဘုရင့်တပ်မတော် စစ်တပ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး လေတပ်နှင့် ကြည်းတပ်အကြီးအကဲ ရာထူးများတွင်လည်း လူသစ်များ အစားထိုးလိုက်သည်။

ထို့အပြင် ဒုတိယဝန်ကြီးအသစ်များကိုလည်း ခန့်အပ်ခဲ့ရာ ယောကျာ်းကြီးစိုးသော တိုင်းပြည်တွင် ရှားရှားပါးပါး အမျိုးသမီးတစ်ဦး ပါဝင်ခဲ့သည်ဟု သိရှိရသည်။ 

တာမာဒါဘင်ယူဆက်ဖ်အယ်လ် ရာမာသည် အလုပ်သမားဌာန ဒုတိယဝန်ကြီးအဖြစ် ထမ်းဆောင်မည်ဖြစ်သည်။ ဆော်ဒီတွင် ၂၀၀၉ ခုနှစ်က ပထမဆုံး အမျိုးသမီး ဒုတိယဝန်ကြီးတစ်ဦးကို ခန့်အပ်ခဲ့ဖူးသည်။

ဘုရင်ဆော်လ်မွန်သည် ၎င်း၏ ညီအစ်ကိုများမှ ပေါက်ဖွားလာသော မျိုးဆက်များထဲမှ သုံးဦးကိုလည်း လက်ထောက်အုပ်ချုပ်ရေးမှူးများအဖြစ် ရွေးချယ်လိုက်ပြီး မိသားစု ဆွေစဉ်မျိုးဆက်များနှင့် ပြေငြိမ်းရေးကိုလည်း လုပ်ဆောင်ခဲ့သည်။

ဘုရင်က ဆော်ဒီအစိုးရကို သွေးသစ်လောင်းနေခြင်းဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်သံက ပြောကြားသည်။ ဆော်ဒီတွင် အသက် ၃၂ နှစ်အရွယ် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆော်လ်မွန် ရေပန်းစားလာမှုနှင့်အတူ ရှေးရိုးစွဲလွန်းသော အစိုးရအဖွဲ့အတွင်း လူငယ်များပါဝင်လာခဲ့သည်။

အိမ်ရှေ့မင်းသားသည် Vision 2030 ဟုခေါ်သော ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတစ်ရပ်ကို စတင်လုပ်ဆောင်နေပြီး စီးပွားရေးနှင့်ပတ်သက်၍ ရေနံအပေါ် မှီခိုမှုကိုလျှော့ချကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးရန် ကြိုးစားနေသည်။

F-04

  • VIA