News

POST TYPE

EDITOR PICK POST

မေယုကိုဆန် မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၁၇)
စစ်တွေမြို့ကို နှုတ်ဆက်ခြင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်လည်း ပါလာသည်။ နေရာယူပြီးနောက် “ခင်ဗျားတို့ပဲ သိချင်တာမေးကြပါ၊ ဖြေပေးပါ့မယ်” ဆို၍ သတင်းသမားတစ်ဦးက ကောလာဟလကိစ္စ စမေးသည်။ “ဒီအင်တာနက်ပေါ်က သတင်းတွေက မဟုတ်မမှန်တာတွေ များပါတယ်။ ဒါတွေကို ကျွန်တော်လည်းကြားပါတယ်။ မဟုတ်ပါဘူး။ ဒီသတင်းတွေကို မယုံကြပါနဲ့”ဟု ပြောသည်။ နိုင်ငံတော်သမ္မတရုံး အမှတ်တံဆိပ်နှင့် ထွက်ပေါ်လာသော အင်တာနက်သတင်းထဲမှာ ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီအပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအမည်လည်း ပါနေတာတွေ့ရသည်။ သို့သော် ထိုသတင်းမမှန်ပါ။ ဝန်ကြီးချုပ်က ပွင့်လင်းပြီး အေးဆေးသည်။ သို့သော် အုပ်ချုပ်ရေး စွမ်းဆောင်ရည်အပိုင်းမှာ အားမလိုအားမရဖြစ်သံတွေကို ကြားနေရသည်။ သတင်းမီဒီယာသမား နောက်တစ်ဦးက “သက္ကယ်ပြင်စခန်း ရွှေ့တော့မယ်လို့ကြားတယ်။ ဘယ်လို ရွှေ့မှာလဲ။ ဘယ်ကို ရွှေ့မှာလဲ” မေးသည်။ တစ်ဆက်တည်း “စီအာရ်အာရ်အဖွဲ့က ပြောင်းရွှေ့လာတဲ့ ရခိုင်တိုင်းရင်းသားတွေကို ပုံစံစာရွက်ထုတ်ပေးနေတယ် ဆိုတာအမှန်ပဲလား”ဟု မေးသည်။ သက္ကယ်ပြင်စခန်း ရွှေ့မယ်ဆိုတာ စကားအဖြစ်သာ ရှိသေးကြောင်း၊ တစ်လောက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးလာတုန်း သက္ကယ်ပြင်စခန်းကိစ္စ ပြောဆိုဖြစ်ခဲ့ကြောင်း၊ “သူတို့ နေလာတာလည်း ငါးနှစ်ခြောက်နှစ်ရှိပြီဆိုတော့ ဒီထက်သင့်လျော်တဲ့နေရာမှာ အဆောက်အအုံတွေဆောက်ပြီး နေရာချထားမလား၊ ဒါမှမဟုတ် သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းရှိတဲ့နေရာကို ရွှေ့ပေးမလား စဉ်းစားကြတာပါ။ ဘာဆုံးဖြတ်ချက်မှ မရှိသေးပါဘူး”ဟု ဖြေသည်။

နောက်တော့ UEHRD စီမံကိန်းအရ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဘယ်လို အကောင်အထည်ဖော်နေပုံကို ရှင်းပြသည်။ အငူမော်လမ်းပိုင်း ကွန်ကရစ်ခင်းနေမှုတွေ၊ တံတားသစ်တွေ တည်ဆောက်နေမှု၊ မေယုတောင်ကျော်ဖြတ်လမ်းတွေ ဖောက်လုပ်နေမှု၊ မောင်တောအထိ လျှပ်စစ်ဓာတ်အားရအောင် လုပ်ဆောင်နေမှုတွေကို ရှင်းပြသည်။ ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်လက်ခံရေး ဆောင်ရွက်ထားမှုတွေကိုလည်း တစ်ဆက်တည်းပြောသည်။ “လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်မှာ သူတို့ကိုစိစစ်ပြီး ပြန်လက်ခံသွားမယ်။ တောင်ပြိုလက်ဝဲနဲ့ ငါးခူရမှာ လက်ခံရေးစခန်းတွေ တည်ဆောက်နေတယ်။ ရေလမ်းက ဝင်လာတဲ့သူတွေကို ငါးခူရစခန်းမှာ လက်ခံပြီး ကုန်းလမ်းက ဝင်လာသူတွေကိုတော့ တောင်ပြိုလက်ဝဲစခန်းမှာ လက်ခံမယ်။ အဲဒီမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးလာတဲ့လူစာရင်းအတိုင်း ဒီမှာ အမှန်တကယ်နေထိုင်ခဲ့ခြင်း ရှိ မရှိ၊ အထောက်အထားခိုင်လုံရင် သူတို့ကို လှဖိုးခေါင်စခန်းမှာ နေရာချထားမယ်။ အဲဒီမှာလည်း တစ်ခန်းကို လူ ၄၀ လောက်ဆံ့တဲ့ ရှစ်ခန်းတွဲအဆောက်အအုံ ၆၂၅ လုံးဆောက်ပြီး လူပေါင်း ၃၀,၀၀၀လောက် နေရာချထားပေးဖို့ လုပ်နေပါတယ်”ဟု ဖြေသည်။ “ဝန်ကြီးချုပ်ခင်ဗျား... ပြန်လည်လက်ခံမှာက ဇန်နဝါရီလ ၂၃ ရက် မဟုတ်ဘူးလား”ဟု မေးမြန်းရာ တစ်ချက်တွေသွားပြီး “ဪ... ဟုတ်ပါတယ်။ ဇန်နဝါရီ ၂၃ ရက်ပါ”ဟု ပြန်ပြင်ပြောသည်။ ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့နှင့် တွေ့ဆုံချိန်မှာ ဇန်နဝါရီလ ၁၀ ရက်နေ့ဖြစ်၍ နောက်ဆယ်ရက်ခန့်သာ ကျန်တော့သည်။ ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့၏ မျက်မြင်တွေ့ရှိချက်အရ ငါးခူရ လက်ခံရေးစခန်းမှာ အလျင်စလို ဆောက်လုပ်နေဆဲ အနေအထားဖြစ်ပြီး ဘာမျှအဆင်သင့် မဖြစ်သေးပါ။ ဝန်ကြီးချုပ်တစ်ဦးအနေနှင့် မြေပြင်အခြေအနေကို လက်တွေ့ကွင်းဆင်းမကြည့်ဘဲ ခန့်မှန်းပြောခြင်းဖြစ်သလို လက်ခံမည့်နေ့ရက်ကိုပင် ဖေဖော်ဝါရီ ၂၃ ဟု မှားယွင်းပြောဆိုခဲ့ပုံကို ကြည့်လျှင် လက်တွေ့မကျသည့် ပြန်လည်နေရာချထားရေး အစီအမံကို ခန့်မှန်းမိခဲ့သည်။ လှဖိုးခေါင်စခန်းသို့ မရောက်ဖြစ်ခဲ့သော်လည်း ထိုနေရာတွင်လည်း အဆောက်အအုံအနည်းငယ်သာ ဆောက်လုပ်ရသေးသည်။

ဘင်္ဂါလီများအား ပြန်လည်စိစစ်လက်ခံရေးကို မြန်မာနိုင်ငံအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့ကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက်မှစတင်ကာ တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းနှစ်ခုတွင် လက်ခံသွားမည်ဟု သိရသည်။ သို့သော် ဇန်နဝါရီလ ၂၃ ရက်နေ့အထိ တစ်ဦးတစ်ယောက်မျှ ပြန်ဝင်မလာခဲ့ပါ။ တစ်ဖက်နိုင်ငံရောက် ဘင်္ဂါလီများက လုံခြုံရေးအာမခံချက်ရှိပြီး သူတို့ယခင်နေခဲ့သော နေရာများတွင် လွတ်လွတ်လပ်လပ် ပြန်နေလိုသည်ဟု ဆိုသည်။ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအစီအစဉ်မှာ လက်တွေ့တွင် အလွန်ရှုပ်ထွေးလှသည်။ အစိုးရဘက်က သူတို့ကို ပြန်လည်နေရာချထားပေးဖို့ နေအိမ်ဆောက်လုပ်ပေးတာကအစ နိုင်ငံသား သက်သေခံလက်မှတ် ထုတ်ပေးတာအပြင် ကြားစခန်းတွင်ထားပါက ရိက္ခာထောက်ပံ့မှုတွေပါ ပြုလုပ်ရမည်။ သူတို့နှင့်အတူ အကြမ်းဖက်သမားတွေ ပြန်ပါမလာအောင်လည်း စနစ်တကျစိစစ်ရမည်။ နိုင်ငံတကာက ထုတ်ပြန်သော စာရင်းများအရ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသူ စုစုပေါင်း ၆၈၀,၀၀၀ ခန့် ရှိသည်ဆို၏။ ထိုသူများကို ၂ နှစ်တာကာလအတွင်း အပြီးလက်ခံနိုင်အောင် ဆောင်ရွက်ရမည်။ ဘင်္ဂလား ဒေ့ရှ်အစိုးရသည် ဘင်္ဂါလီဒုက္ခသည်များကို သူ့မြေပေါ်တွင် အမြဲတမ်းလက်ခံမထားချင်။ ကော့ဘဇားခရိုင်အတွင်း သန်းနှင့်ချီသော ဘင်္ဂါလီဒုက္ခသည်များကို UNHCR လို နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဗြိတိန်အပါအဝင် နိုင်ငံတကာအလှူရှင်တွေက ဒေါ်လာသန်းချီ ထောက်ပံ့ပေးနေရသည်။ ဤဒုက္ခသည်စခန်းများက မြန်မာအစိုးရအပေါ် နိုင်ငံတကာ၏ လက်ညှိုးထိုးစရာပစ်မှတ်ဖြစ်အောင် ဖန်တီးပေးနေသည်။ နှစ်နိုင်ငံအကြား ဒုက္ခသည် ပြန်လည်လက်ခံရေး သဘောတူညီမှု ပြုထားသော်လည်း လက်တွေ့အခြေအနေမှာ ဖြစ်နိုင်ခြေ နည်းနေသေးသည်။ ရခိုင်တိုင်းရင်းသားများက ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများအပေါ် လုံခြုံရေးအရ စိုးရိမ်မှုရှိနေသလို ဘင်္ဂါလီတွေကလည်း သူတို့အတွက် လုံခြုံရေး၊ လွတ်လပ်စွာသွားလာခွင့်နှင့် မူလနေရာတွင် ပြန်လည်နေထိုင်ခွင့်ရရေး အာမခံချက်မရှိလျှင် ပြန်မလာလိုကြ။ အစိုးရအနေနှင့်မူ ချမှတ်ထားသောစည်းကမ်းနှင့် ကိုက်ညီသူများကိုသာ လက်ခံပြီး နေထိုင်ခွင့်ပြုမည်။ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်အကြား ဘယ်လောက်ပင် နားလည်မှု သဘောတူစာချုပ်တွေ ချုပ်ဆိုထားပါစေ မြေပြင်အခြေအနေမှာ ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ကာလအတန်ကြာ ဝင်ရောက်နေထိုင်သူ ဘင်္ဂါလီတို့အကြား ပြေလည်အောင် ဖြေရှင်းမပေးနိုင်လျှင် ဒုက္ခသည်ပြဿနာက ဆက်လက်တည်ရှိနေဦးမည့် သဘောမှာရှိသည်။

နိုင်ငံတကာအစိုးရ (အထူးသဖြင့် အမေရိကန်၊ ဗြိတိန်နှင့်အီးယူ) တွေအနေနှင့်လည်း ဒုက္ခသည်ပြဿနာကို အကြောင်းပြုကာ ဖိအားမျိုးစုံ ဆက်လက်ပေးနေဦးမည်ဖြစ်ရာ ရခိုင်မြောက်ပိုင်းပြဿနာက လွယ်လွယ်နှင့်ဖြေရှင်းပြီးနိုင်မည့် အခြေအနေမှာ မရှိသေးပါ။

ရခိုင်ပြည်နယ်က သယံဇာတပေါကြွယ်သလောက် ပဋိပက္ခတွေလည်း များလှသည်။ နိုင်ငံ၏ အနောက်ဘက်တံခါးပေါက်ဖြစ်သလို ထိုတံခါးပေါက်ကို လုံလုံခြုံခြုံစောင့်ကြပ်နိုင်ဖို့ အလွန်အရေးကြီးသည်။ ရခိုင်အရေးသည် ရခိုင်ပြည်နယ် အရေးသာမဟုတ်။ နိုင်ငံ၏ အရေးဖြစ်သည်။ ထို့အတွက် ပြတ်သားသောမူဝါဒ၊ ပြတ်သားသော အုပ်ချုပ်ရေးအဖွဲ့အစည်း ရှိဖို့လိုအပ်သည်။ ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့ စစ်တွေလေဆိပ်သို့ ရောက်ရှိချိန်မှာ အနောက်ဘက်မှာ နေဝင်တော့မည်။ ပုစွန်ဆီရောင် ဆည်းဆာအောက်မှာ စစ်တွေမြို့သည် တိတ်ဆိတ်ငြိမ်သက်လျက်...။
 
ချစ်ဝင်းမောင်