News

POST TYPE

EDITOR PICK POST

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ပြန်လည်ရွေးချယ်မည်


မန္တလေး၊ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းအစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာအတွက် ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ 

“ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ အကြောင်းကြားထားပြီးပါပြီ။ ကျင်းပမယ့်အချိန်ကိုတော့ မကြေညာနိုင်သေးဘူး။ လက်ရှိကတော့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ကော်မရှင်အဆင့်ဆင့် ပြန်ဖွဲ့နေတယ်။ ဘတ်ဂျက်တောင်းတာတွေ လုပ်နေတယ်။ သေချာတာကတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ လုပ်ဖြစ်ပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ပြောကြားသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောသည် ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ကွယ်လွန်ခဲ့ခြင်းကြောင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ လစ်လပ်သွားခဲ့ခြင်းဖြစ်သည်။

“လက်ရှိကတော့ ဘယ်သူက သင့်တော်မလဲဆိုတာကို မျက်စိဖွင့်နားစွင့်ပေါ့။ ကော်မရှင်က တရားဝင်ထုတ်ပြန်လိုက်ရင်တော့ ဗဟိုက ဘယ်လိုရွေးပါဆိုပြီး လမ်းညွှန်ပါလိမ့်မယ်၊ အဲဒီအခါ အခုကြည့်ထားတဲ့သူတွေထဲကနေ သတ်မှတ်ချက်တွေနဲ့ ချိန်ထိုးရမှာပေါ့။ တချို့ဆိုရင် ရှမ်းတိုင်းရင်းသားနေရာအတွက် စိတ်ဝင်စားလို့ လျှောက်လွှာသဘောမျိုး ကိုယ်ရေးအကျဉ်းတွေ လာပေးထားတာတွေရှိတယ်။ တိုင်းရင်းသားတွေကို တကယ်ကိုယ်စားပြုပြီးတော့ လုပ်နိုင်မယ့်သူမျိုးဖြစ်မှ ကောင်းမှာပေါ့”ဟု မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။ 

မန္တလေးတိုင်းအစိုးရအဖွဲ့တွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာ လစ်လပ်နေသကဲ့သို့ မန္တလေးတိုင်း လွှတ်တော်တွင်လည်း သပိတ်ကျင်းမဲဆန္ဒနယ် အမှတ် ၁ အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်နေရာ လစ်လပ်လျက်ရှိသည်။

M-05