News

POST TYPE

EDITOR PICK POST

ဘာလင်တွင်ပြုလုပ်သည့် ရခိုင်အရေးညီလာခံ တက်ရောက်ခွင့်မရမှု မြန်မာအဖွဲ့ ရှင်းလင်း
27-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ W.M. Blumenthal Academy ဂျူးပြတိုက်တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်ခြင်း အမည်ရှိ (The Berlin Conference on Myanmar Genocide) ညီလာခံသို့ တက်ရောက်ခွင့်မရခဲ့မှုအပေါ် မြန်မာအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပကာ ထုတ်ပြန်ရှင်းလင်းလိုက်သည်။

ယင်းသို့ တက်ရောက်ခွင့်မရခြင်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆဖွယ်ဖြစ်နေကြောင်း UEHRD (ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေး စီမံကိန်း) မှ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

ပြည်တွင်း၊ ပြည်ပမီဒီယာများ တက်ရောက်ခဲ့သည့် အဆိုပါရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်က ရန်ကုန်မြို့တော်ဝင်လမ်းရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar Institute of Strategic and International Studies) ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Myanmar Institute of Strategic and International က ကျင်းပသော Strategies for Peace, Harmony and Development အလုပ်ရုံဆွေးနွေးပွဲမှ အဖွဲ့ဝင်များသည် ဘာလင်တွင် ကျင်းပသည့် အဆိုပါညီလာခံသို့ တက်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး ယင်းအဖွဲ့ဝင်များမှာ ဥပဒေပြုရေး၊ ပုဂ္ဂလိကနှင့် ပြည်သူ့ဝန်ထမ်း နယ်ပယ်စုံမှဖြစ်ကြောင်း၊ ညီလာခံတွင် ဆွေးနွေးမှုများဆောင်ရွက်၍ အမြင်ချင်းဖလှယ်ရန် ရည်ရွယ်ထားခဲ့ကြောင်း ၎င်းကပြောကြားသည်။

အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဘာလင်ညီလာခံသို့ တက်ရောက်ရန် Eventbrite အမည်ရှိ အွန်လိုင်းလျှောက်လွှာအစီအစဉ်မှ တစ်ဆင့်လျှောက်လွှာတင်ခဲ့ကြပြီး လျှောက်လွှာတင်ခဲ့သူအားလုံးမှာ ညီလာခံသို့ တက်ရောက်ရန် အသိအမှတ်ပြုသည့် အီးမေးလ်များ လက်ခံရရှိခဲ့ကြသည်။

ညီလာခံသို့ တက်ရောက်ရန် အသိအမှတ်ပြုသည့် E-mail များ လက်ခံရရှိသူအားလုံးသည် လေယာဉ်လက်မှတ်များ၊ ဟိုတယ်အခန်းများနှင့် ဗီဇာများ အစရှိသည့် ခရီးသွားအစီအစဉ်များ အားလုံးကို စီမံထားပြီးဖြစ်ကာ ဖေဖော်ဝါရီ ၂၃ ရက် ညလယ်တွင်မူ လျှောက်လွှာများ ပယ်ချခံရသည့် E-mail များ ဝင်ရောက်လာခြင်းကြောင့် အဖွဲ့ဝင်များမှာ ညီလာခံတက်ရောက်ခွင့်ကို ဆုံးရှုံးကြရခြင်းဖြစ်သည်။

အဆိုပါ အီးမေးလ်များတွင် ပယ်ဖျက်ခဲ့သည့် အကြောင်းရင်းမှာ ကြိုတင်စာရင်းပေးမှု များပြားသောကြောင့် ညီလာခံတွင် ထိုင်ခုံနေရာမလုံလောက်တော့သဖြင့်ဟု ဖော်ပြထားခဲ့ပြီး ယင်းမှာ မြန်မာနိုင်ငံမှ တက်ရောက်ခွင့်မရရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဟု ယူဆဖွယ်ဖြစ်ကြောင်း၊ ညီလာခံ၏ ရည်ရွယ်ချက်ကိုလည်း မေးခွန်းထုတ်စရာဖြစ်နေကြောင်း UEHRD အဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်နှင့် ညီလာခံသို့ တက်ရောက်ရန် စီစဉ်ခဲ့သူများက ညီလာခံကျင်းပရေးကော်မတီက မြန်မာအဖွဲ့တက်ရောက်ခွင့်ကို ပယ်ချခဲ့သည့် အကြောင်းရင်းနှင့် ရခိုင်ပြည်နယ်အရေးတို့ကို စာနယ်ဇင်းရှင်းလင်းပွဲ တက်ရောက်လာသည့် သံတမန်များနှင့် မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

J-18