News

POST TYPE

EDITOR PICK POST

ဝန်ကြီးဌာန၏ သီးခြားငွေစာရင်းရှိ ငွေများကို နိုင်ငံ့ဘဏ္ဍာအတွင်း ထည့်ဝင်သုံးစွဲလျက်ရှိကြောင်း စီမံဘဏ္ဍာရှင်း
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအချို့က သီးခြားဖွင့်လှစ်ထားသော Other Account (OA) မှ ငွေစာရင်းများကို နိုင်ငံ့ဘဏ္ဍာအတွင်း ထည့်ဝင်သုံးစွဲလျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားလိုက်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လက အမျိုးသားလွှတ်တော်တွင်တစ်ကြိမ်၊ အောက်တိုဘာ ၂၃ ရက်က ပြည်သူ့လွှတ်တော်တွင် တစ်ကြိမ် ယင်းကိစ္စနှင့်ပတ်သက်၍ ရှင်းပြခဲ့သော်လည်း မရှင်းလင်းသည့်ပြောဆိုမှုများ ရှိနေသောကြောင့် ယင်းကဲ့သို့ ရှင်းပြရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒုဝန်ကြီးရှင်းလင်းချက်တွင် ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ စုစုပေါင်းရငွေ ကျပ် ၁၆၆၀၅ ဘီလီယံမှာ Other Account(OA) မှ ရငွေ ကျပ် ၄၃၇၃ ဘီလီယံပါဝင်ပြီး စုစုပေါင်းသုံးငွေ ကျပ် ၂၀၅၉၄ ဘီလီယံသည်လည်း OA မှ အသုံးစရိတ် ကျပ် ၃၅၃၂ ဘီလီယံပါဝင်ကြောင်း၊ ယင်းအပြင် လက်ရှိတောင်းခံထားသော (၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလထိ ၆ လ ဘတ်ဂျက်စာရင်းတွင်) အရ အသုံးခန့်မှန်းခြေငွေစာရင်း၏ စုစုပေါင်း ရငွေ ကျပ် ၈၄၉၂ ဘီလီယံတွင် OA မှ ရငွေ ကျပ် ၂၄၃၈ ဘီလီယံ ပါဝင်သကဲ့သို့ စုစုပေါင်းသုံးငွေ ကျပ် ၁၀၆၇၈ ဘီလီယံတွင်လည်း OA မှ အသုံးစရိတ် ကျပ် ၁၉၈၆ ဘီလီယံပါဝင်ကြောင်း ပြောကြားသည်။

Other Account စာရင်းတွင် လွှတ်တော်ကိုယ်စားလှယ်များ လေ့လာချက်နှင့် ပြောကြားချက်များအရ အမေရိကန်ဒေါ်လာ ၉ ဘီလီယံခန့်ရှိသည်ဟု ဆိုထားသော်လည်း ယနေ့ ဒုဝန်ကြီး၏ရှင်းပြချက်တွင် စုစုပေါင်းမည်မျှကျန်ရှိနေသေးကို ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

Other Account သို့ ပေးသွင်းရမည့်ငွေများမှာ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ ရောင်းချရငွေ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုမှ ရငွေ၊ အခြားရငွေများ ခေါင်းစဉ်အောက်တွင် ဖက်စပ်လုပ်ငန်းများမှ အမြတ်ဝေစုနှင့် အကျိုးတူဝေစုငွေ၊ လိုင်စင်ကြေးနှင့် ဝင်ကြေးရငွေများ ဖြစ်ပြီး ဘဏ္ဍာငွေထုတ်ယူသုံးစွဲပါက စီမံဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရကြောင်း၊ ယင်းအပြင် နှစ်စဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှလည်း နှစ်စဉ်စစ်ဆေးလျက်ရှိကြောင်း ဒုဝန်ကြီးက ဆိုသည်။

ှSEE အကောင့်သို့ ပေးသွင်းရမည့် ငွေများမှာ ဒဏ်ကြေးအဖြစ် သိမ်းယူရငွေများ၊ စာရင်းစစ်ကန့်ကွက်ချက်အရ ပြန်သွင်းငွေများ၊ ပြည်ထောင်စုဘဏ္ဍာငွေစာရင်းတွင် ခွင့်ပြုထားငွေမှ ပိုထုတ်မိသောငွေအတွက် ပြန်သွင်းငွေ၊ ပြန်အမ်းငွေမှ ရငွေများ၊ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုက်ရိုက်မသက်ဆိုင်သော ပုံသေပိုင်ပစ္စည်းများ ငှားရမ်းခငွေများဖြစ်ပြီး ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနောက်ပိုင်းဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ညွန်ကြားချက်ဖြင့် Other Account (UFA) ကို ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်း Other Account သည် ဘတ်ဂျက်တွင် ပါဝင်ပြီး ဘဏ္ဍာငွေအစိတ်အပိုင်းဖြစ်ကြောင်း၊ ယင်း OA ကို မြန်မာ့စီးပွားရေးဘဏ်တွင်သာ ဖွင့်လှစ်ခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုသော ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ ဖြင့်သာသုံးစွဲခွင့်ရှိကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။

နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများသည် အသားတင်အမြတ်၏ ၂၅ ရာခိုင်နှုန်း ကိုဝင်ငွေခွန်အဖြစ်ပြည်တွင်း အခွန်များ ဦးစီးဌာနသို့လည်းကောင်း၊ ၂၀ ရာခိုင်နှုန်း ကိုနိုင်ငံတော်သို့ ထည့်ဝင်ငွေအဖြစ် ငွေတိုက်ဦးစီးဌာနသို့ လည်းကောင်း ပေးသွင်းနိုင်ရေးအတွက် ၎င်းတို့၏အသုံးစရိတ်တွင် လျာထားခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ Other Account တွင်ရှိသော ငွေများကို အမြတ်ငွေမရရှိသည့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍများသာမက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက်လည်း ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှတစ်ဆင့် သုံးစွဲနေကြောင်း ၎င်းက ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လျှပ်စစ်ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကလည်း (ယနေ့လွှတ်တော်တွင် တင်ပြသည့် Slide) ပါရှင်းလင်းချက်တွင် ၎င်းဌာန၏ လက်ကျန်ငွေမှာ ၂၀၁၂ - ၂၀၁၃ တွင် ၁ ဒသမ ၅၆၃ ကျပ်ထရီလီယံ၊ ၂၀၁၃ - ၁၄ တွင် ၂ ဒသမ ၀၀၃ ထရီလီယံ၊ ၂၀၁၄ - ၁၅ တွင် ၄ ဒသမ ဝ၆၂ ထရီလီယံ၊ ၂၀၁၅ - ၁၆ တွင် ၄ ဒသမ ၈၅၁ ထရီလီယံ ၂၀၁၆ - ၁၇ ခုနှစ်တွင် ၅ ဒသမ ၅၉၈ ထရီလီယံ ရှိနေကြောင်း တွေ့ရသည်။

OA တွင် လက်ကျန်ရှိသော ငွေစာရင်းမျာကို ယင်းသို့ခွဲခြားထားခြင်းမရှိဘဲ ပြည်ထောင်စု၏ရန်ပုံငွေတွင် စုပေါင်းထားရှိရန် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပြောကြားသည်။

S-01