News

POST TYPE

EDITOR PICK POST

ဝန်ကြီးများ လုပ်အားနှစ်ဆ တိုးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
26-Feb-2018


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ဝန်ကြီးများအနေနှင့် ၎င်းတို့၏လုပ်အားကို နှစ်ဆတိုးလုပ်ဆောင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်က ကျင်းပသော နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ကျင်းပခဲ့သော ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်သော Development Effectiveness Roundtable တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စုဝန်ကြီးတွေကို လုပ်အား နှစ်ဆတိုးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များအနေနဲ့လည်း လုပ်ငန်းများ ပြီးမြောက်နိုင်ဖို့ နည်းပညာဖြစ်စေ၊ ဘဏ္ဍာရေး (ဒါမှမဟုတ်) အခြားအခြင်းအရာဖြစ်စေ လိုအပ်တဲ့ အရင်းအမြစ်တွေ ရရှိသုံးစွဲနိုင်အောင် စဉ်းစားပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

မြန်မာသည် နိုင်ငံတကာ အဆက်အသွယ်နှင့် နှစ်ပေါင်းများစွာ ဖြတ်တောက်ထားခြင်း ခံခဲ့ရခြင်းကြောင့် တိုးတက်မှု ဆုတ်ယုတ်ခဲ့ရသည့် အစိုးရဌာန/အဖွဲ့အစည်းများကို ပြန်လည် အသက်ဝင်လာရေးအတွက် အားအင်တွေ ဖြည့်ပေးသော နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကူအညီသည် တစ်ခါတစ်ရံတွင် အရေးပါပြီး အားရစရာကောင်းသော အခန်းကဏ္ဍတွင် ရှိနေသဖြင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အတွေးအမြင်များနှင့် ကျွမ်းကျင်မှုများကို တန်ဖိုးထား ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေနှင့် စိုးရိမ်ပူပန်စရာ ကောင်းသော စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်မှာ ငြင်းဖွယ်ရာ မရှိသောကြောင့် ယင်းစိန်ခေါ်မှုများ စိုးရိမ်စရာ အခြေအနေသို့ ပို၍ ဖြစ်လာလေလေ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ချိတ်ဆက် ဆောင်ရွက်မှုကို ပို၍လိုအပ်လေဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာရေး လိုအပ်ချက်များကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုခြင်းအနေနှင့် ရင်းနှီးမြှုပ်နှံမှုပုံစံကို ပြောင်းလဲသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းပြသည်။

မိမိတို့၏ ဦးစားပေး လုပ်ငန်းများကို ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (DAP) ကို တရားဝင် မိတ်ဆက်သွားမည်ဖြစ်ပြီး ယင်းမူဝါဒသည် မြန်မာနိုင်ငံအတွက် ပထမဆုံး ထုတ်ပြန်သော မူဝါဒဖြစ်ကြောင်း၊ ယင်းမူဝါဒတွင် ပြည်သူလူထု ကောင်းကျိုးအတွက် ဖွံ့ဖြိုးမှုအကူအညီများကို ထိရောက်ပြီး အကျိုးကို ရရှိစေခြင်းနှင့် ပွင့်လင်းမြင်သာစွာ အသုံးပြုနိုင်ရေးအတွက် မူဝါဒလမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို ထည့်သွင်း ရေးဆွဲထားသဖြင့် မိတ်ဖက် အဖွဲ့အစည်းများအနေနှင့်လည်း ယင်းမူဝါဒများကို လိုက်နာပြီး ဆောင်ရွက်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

S-01