News

POST TYPE

EDITOR PICK POST

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု အဂတိလိုက်စားမှု စွဲချက်များနှင့်ရင်ဆိုင်ရ


ဂျေရုဆင်၊ ဖေဖော်ဝါရီ ၁၄ 

ဝန်ကြီးချုပ် နေတန်ညာဟုသည် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ စွဲချက်တင်ခြင်းခံရမည်ဟု အစ္စရေးရဲဌာနက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သီးခြားအမှုနှစ်ခုတွင် နေတန်ညာဟုကို တံစိုးလက်ဆောင်ယူမှု၊ လှည့်ဖျားမှု၊ ယုံကြည်မှုဖောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်ရန် လုံလောက်သော အထောက်အထားရှိသည်ဟု ရဲက ကြေညာချက် ထုတ်ပြန်သည်။

နေတန်ညာဟုကမူ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း၊ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း၊ စွပ်စွဲချက်များသည် အရာမထင်ဘဲ အဆုံးသတ်သွားမည်ဖြစ်ကြောင်း အစ္စရေးရုပ်သံသို့ ပြောကြားသည်။

ပထမအမှုမှာ အစ္စရေးသတင်းစာ ယေဒီယော့အဟာရိုနော့အား ပြိုင်ဘက်သတင်းစာအပေါ် ထိန်းချုပ်နိုင်စေရန် အကူအညီပေးရသည့်အတွက် အပြန်အလှန်အားဖြင့် အပြုသဘော သတင်းများကို ဖော်ပြပေးရန် တောင်းဆိုခဲ့မှုဖြစ်ပြီး ထိုအမှုတွင် အယ်ဒီတာနှစ်ဦးကိုလည်း တရားစွဲဆိုမည်ဟု ရဲက ပြောကြားသည်။

ဒုတိယအမှုမှာ ၂၀၀၉ ခုနှစ်ကတည်းက ဝန်ကြီးချုပ်ဖြစ်လာသူ နေတန်ညာဟုသည် ဟောလိဝုဒ်သူဌေး အာနွန်မီလချန်နှင့် အခြားထောက်ခံသူများထံမှ ဒေါ်လာ ၂၈၃ယဝ၀၀ ခန့်တန်ဖိုးရှိသော လက်ဆောင်ပစ္စည်းများ လက်ခံခဲ့မှုဖြစ်သည်။ မီလ်ချန်ကို အမေရိကန်ဗီဇာရအောင် ကူညီပေးခဲ့သည့်အတွက် ရှန်ပိန်နှင့် ဆေးပြင်းလိပ်အပါအဝင် လက်ဆောင်ပစ္စည်းများ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဂျေရုဆလင်ပို့စ်သတင်းစာက ရေးသားသည်။

ရုပ်ရှင်ထုတ်လုပ်သူ မီလ်ချန်သည်လည်း လာဘ်ပေးမှုဖြင့် တရားစွဲဆိုခြင်းခံရမည်ဟု ရဲက ပြောကြားသည်။

နေတန်ညာဟုသည် တံစိုးလက်ဆောင်များရရှိပြီးနောက် ပြည်ပမှအစ္စရေးသို့ ပြန်လာနေထိုင်သူများအတွက် ဆယ်နှစ် အခွန်ကင်းလွတ်ခွင့်ပြုမည့် မီလ်ချန်ဥပဒေကို တွန်းအားပေးခဲ့သည်ဟု ရဲကြေညာချက်တွင်ပါရှိသည်။ ထိုအဆိုပြုချက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့ဟန့်တားခဲ့သည်။

ထို့ပြင် ဩစတြေးလျဘီလီယံနာ ဂျိမ်းစ်ပက်ကာ ပါဝင်ပတ်သက်နေသော အမှုတစ်ခုတွင်လည်း နေတန်ညာဟုက လှည့်ဖျားမှုနှင့် ယုံကြည်မှုဖောက်ဖျက်မှုများ ပြုလုပ်ခဲ့သည်ဟု ရဲများက သံသယရှိနေသည်။

ဂျိမ်းစ်ပက်ကာက ဝန်ကြီးချုပ်နှင့်ဇနီးထံ လက်ဆောင်များပေးခဲ့သည်ဟု စုံစမ်းစစ်ရေးမှူးများအား ပြောကြားခဲ့ကြောင်း အစ္စရေးချန်နယ်တင်းန် ရုပ်သံက ဒီဇင်ဘာလတွင် သတင်းဖော်ပြခဲ့သည်။

ဝန်ကြီးချုပ်အား စုံစမ်းစစ်ဆေးရေးမှူးများ၏ မေးမြန်းမှုသည် အနည်းဆုံး ခုနစ်ကြိမ်ရှိပြီဟု အစ္စရေးမီဒီယာများက ဆိုသည်။

ဝန်ကြီးချုပ်အပေါ် တရားစွဲဆိုရေးနှင့် ပတ်သက်သည့် အပြီးသတ်ဆုံးဖြတ်ချက်သည် ရှေ့နေချုပ်ရုံးသို့ ကျလာမည်ဖြစ်ရာ ဆုံးဖြတ်ချက်ကျလာရန် လအတန်ကြာနိုင်ဖွယ်ရှိသည်။ တရားစွဲခံရသော မည်သည့်ဝန်ကြီးချုပ်မဆို ရာထူးမှနုတ်ထွက်ပေးဖို့မလိုကြောင်း တရားရေးဝန်ကြီး အေယီလက်ရှာကက်က ပြောကြားသည်။ နေတန်ညာဟုကလည်း ၎င်း၏ရာထူးကို ဆက်လက်ထမ်းဆောင်မည်ဟု အစ္စရေးရုပ်သံသို့ ပြောကြားသည်။

အစ္စရေးတွင် နောက်တစ်ကြိမ် ရွေးကောက်ပွဲများကို ၂၀၁၉ နိုဝင်ဘာလတွင် ကျင်းပရန်ရှိနေသည်။ လက်ရှိ ညွှန့်ပေါင်းအစိုးရကို ဦးဆောင်နေသော နေတန်ညာဟုသည် ယခုစွပ်စွဲချက်များကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာစရာမရှိဟု ယုံကြည်စိတ်ချနေပုံရသည်။

“ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ စုံစမ်းစစ်ဆေးမှုကို အနည်းဆုံး ၁၅ ကြိမ်လောက် ခံခဲ့ရတယ်။ တချို့စစ်ဆေးမှုတွေက အခုလိုပဲ ရဲတွေရဲ့ ဟောင်ဖွာဟောင်ဖွာ ပြောဆိုမှုတွေနဲ့ပဲ အဆုံးသတ်သွားတယ်။ အဲဒီစစ်ဆေးမှုတွေအားလုံး အရာမထင်ခဲ့ဘူး။ ဒီတစ်ကြိမ်လည်း အရာထင်မှာမဟုတ်ပါဘူး”ဟု အသက် ၆၈ နှစ်အရွယ် အစ္စရေးဝန်ကြီးချုပ်က ပြောကြားသည်။ 

F-04