News

POST TYPE

EDITOR PICK POST

လုပ်ချင်သည်ကိုလုပ်ပြီး အောင်မြင်ခဲ့သူ
03-Feb-2018 tagged as လူငယ်


သူ့အမည်က တိုင်စီကန်း (Dai Zhikang) ဖြစ်သည်။ သူ့ကို ၁၉၈၁ ခုနှစ်တွင် မွေးဖွားသည်။ ယခုအခါ သူသည် Comsenz ကုမ္ပဏီ၏ ဥက္ကဋ္ဌတာဝန်ကို ယူထားရသူတစ်ဦးဖြစ်နေပြီ။ 
၂၁ ရာစုတွင် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ခန့်က မွေးဖွားသည့် လူငယ်အုပ်စုသည် စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးများ ဖြစ်လာကြသည်။ အများစုသည် အင်တာနက်ဆိုင်ရာလုပ်ငန်းစုများဖြင့် ကြီးပွားချမ်းသာလာသူများ ဖြစ်နေကြောင်း တွေ့ရမည်ဖြစ်သည်။ သူတို့သည် အင်တာနက်ကြောင့်လည်း အလျင်အမြန် ကြီးပွားချမ်းသာလာသူများဖြစ်သည်ဟု ဆိုရမည်။ 

သူတို့သည် လူငယ်တွေဖြစ်သော်လည်း သိပ်ပြီး ခေတ်ဆန်ကာ ဆန်းပြားသူတွေ မဟုတ်ကြပေ။ သူတို့တွင် တီထွင်ဖန်တီးလိုစိတ်၊ ဖောက်ထွက်လိုစိတ် စွမ်းရည်နှင့် သတ္တိတွေတော့ အပြည့်ရှိနေသူတွေဖြစ်သည်။ သူတို့သည် ခေတ်ပြောင်းတော်လှန်ရေးတစ်ခုကို ဦးဆောင်ကြမည့် လူငယ်မျိုးဆက်သစ်တစ်ခု ဖြစ်လာသည်။ သူတို့သည် သူတို့အုပ်စု၊ သူတို့နည်း၊ သူတို့ဟန်၊ သူတို့အတွေးများဖြင့် သူတို့ယခင်မျိုးဆက်ဟောင်းကြီးများကို ဆန့်ကျင်ဖောက်ထွက်ကာ ပုံစံတစ်မျိုးဖြင့် အောင်မြင်စေရန် လုပ်ဆောင်နိုင်ကြသူများလည်း ဖြစ်ကြသည်။

၁၉၉၂ ခုနှစ်တွင် တိုင်၏ဖခင် သူ့လုပ်ငန်းအတွက် ကွန်ပျူတာ ၂၈၆ လုံးကို စတင်ထည့်သွင်းလုပ်ကိုင်ခဲ့သည်။ ထိုစဉ်က တိုင်၏အသက်မှာ ၁၁ နှစ်သာ ရှိသေးသည်။ သူက အဖေ့ရုံးကို ရောက်လာသည့် ကွန်ပျူတာများကို စတင် စိတ်ဝင်စားစပြုလာသည်။ 

တိုင်က ကွန်ပျူတာပရိုဂရမ်ရေးနည်းနှင့် ကုတ်များကို မကြာမီ စတင်လေ့လာတတ်မြောက်သွားတော့သည်။ သူက ရုံးရှိ ဖခင်ထံက ကွန်ပျူတာတွေကိုကြည့်ရင်း သုံးရင်းက သူကိုယ်တိုင် စိတ်ကြိုက် ပစ္စည်းတွေကို ဝယ်ယူပြီး ဆင်ကြည့်ချင်စိတ်တွေ ပေါ်လာသည်။ သူက ကိုယ်တိုင်ဝယ်ပြီး ပစ္စည်းတွေကို ဆင်လိုက်ရလျှင် တန်ဖိုးလည်းသက်သာ၊ ပိုကောင်းအောင်လည်း လုပ်နိုင်မည်ဟု တွေးမိသည်။ ယင်းသည်ပင် သူ၏ စွန့်ဦးတီထွင်လိုစိတ်ကို မျိုးစေ့ချပေးလိုက်ခြင်းဖြစ်သည်။

ကွန်ပျူတာနှင့် လုံးပန်းအချိန်ကုန်နေသည့် တိုင်တစ်ယောက် အလယ်တန်းတွင် အမှတ်တွေကလည်း မကောင်း။ အထက်တန်းကောင်းကောင်း ဝင်ခွင့်ရရေးမှာ မရေရာ မသေချာ။ သူ့ဖခင်က စိတ်ကူးတစ်ခုရလိုက်သည်။ သူ့ကို အထက်တန်းကျောင်းကြီးတစ်ကျောင်းကို ခေါ်သွားသည်။ ထိုနေ့က ကျောင်းဝင်ခွင့်ဖြေရန် ရက်ပေါင်း ၂၀ ခန့်သာ လိုတော့သည်။ သူ့ဖခင်ခေါ်သွားသည့် ကျောင်းတွင် ကွန်ပျူတာခန်းကြီးတစ်ခန်းရှိသည်။ ကွန်ပျူတာ ၅၈၆ လုံး တပ်ဆင်ထားသည်။ ဖခင်က သူ့ကို ကွန်ပျူတာတွေ အများကြီးရှိသည့်ကျောင်းကို ခေါ်ပြလိုက်ရာမှ တိုင်တစ်ယောက် ထိုကျောင်းကို ဝင်ခွင့်ဖြေဆိုလိုစိတ် ဖြစ်သွားသည်။ သူကြိုးစားခဲ့ရာ ဝင်ခွင့်ရသွားခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် တိုင်သည် ဟာပင်းနည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။ ဆက်သွယ်ရေး နည်းပညာဘာသာရပ်ကို အဓိကယူသည်။ တစ်ချိန်တည်းမှာပင် သူသည် အင်တာနက်ဆိုင်ရာ ဆော့ဖ်ဝဲတစ်ခုကို တက္ကသိုလ်တက်ရင်းက ရေးနိုင်ရန် အားထုတ်နေပြီဖြစ်သည်။ သူက အင်တာနက်နှင့် ဆိုရှယ်မီဒီယာကို ကောင်းစွာ မွှေနှောက်နိုင်သူတစ်ဦးဖြစ်သောကြောင့် သူ့ထံတွင် သူမသိသော်လည်း မိတ်ဆွေအပေါင်းအသင်းတွေ များစွာရှိနေသည်။ 

ဆိုရှယ်မီဒီယာနှင့် ကွန်ပျူတာကို သုံးရင်းက သူသည် ကွန်ပျူတာကို ကောင်းစွာ ကိုင်တွယ်အသုံးပြုခွင့် မရသူများအတွက် လုပ်ငန်းများတွင် အလွယ်ကူဆုံး အသုံးပြုနိုင်မည့် ဆော့ဖ်ဝဲကို တီထွင်ရန် သူကြံဆောင်တော့သည်။ 

လူတိုင်းအတွက် ကွန်ပျူတာသဘောတရားကို နားလည်ပြီး အသုံးပြုနိုင်မည့်ဆော့ဖ်ဝဲကို သူက “Discuz!”ဟု အမည်ပေးလိုက်သည်။ အင်္ဂလိပ်အမည် (Discuss) ကို ယူထားခြင်းဖြစ်သည်။ အင်တာနက်ပေါ်တွင် လူတိုင်း အခမဲ့ Download ရနိုင်စေရန် သူက စီစဉ်ပေးသည်။

၂၀၀၂ ခုနှစ်တွင် ဟောင်ကောင်ရှိ သုံးစွဲသူတစ်ဦးက “Discuz!”ကို ပိုပြီး အသုံးတည့်အောင် လုပ်ပေးရန် အကြံပြုသည်။ သူက အထူးပြုလုပ်ထားသည့် လုပ်ဆောင်နိုင်စွမ်းများကို ထပ်ဖြည့်ပေးရန် သူ့ကို တောင်းဆိုခြင်းဖြစ်သည်။ ထိုသူက တိုင်ရှိရာကို ရောက်လာပြီး သူတောင်းဆိုသည့်အတိုင်း တစ်ပတ်အတွင်း ပြုပြင်ပေးနိုင်မည်လားဟု မေးသည်။ လုပ်ပေးနိုင်လျှင် ယွမ် ၂၀၀၀ ပေးမည်ဟုပါ ကမ်းလှမ်းသည်။ တိုင်က ၅ ရက်အတွင်း ပြီးအောင်လုပ်ပေးလိုက်သည်။ သူ့ဆော့ဖ်ဝဲကို သုံးစွဲသူက သဘောကျပြီး သူ့ကို ယွမ် ၃၀၀၀ ပေးသွားသည်။ 

တိုင်သည် နောက်ပိုင်းတွင် သူ့ “Discuz!” ကို ပိုကောင်းအောင် ထပ်လုပ်သည်။ ပြုပြင်ပြောင်းလဲစရာတွေကို ထပ်ပြီးပြောင်းလဲသည်။ ဆော့ဖ်ဝဲကို အဆင့်မြှင့်ခြင်း၊ ရောင်းခြင်း၊ နည်းပညာဆိုင်ရာ အထောက်အပံ့ပေးခြင်း၊ လုပ်ဆောင်နိုင်ရန် အကူအညီပေးခြင်းတို့ကိုပါ လိုက်ပြီးဆောင်ရွက်ပေးသည်။ “Discuz!”၏ ရောင်းအားက တစ်လလျှင် ၃၀ ရာခိုင်နှုန်းခန့် သိသိသာသာ တိုးမြင့်လာခဲ့သည်။ 

၂၀၀၄ ခုနှစ်တွင် တိုင်တစ်ယောက် ယွမ် ၅ သိန်းကို လက်ထဲတွင် ပိုက်မိသည့်အနေအထားသို့ ရောက်လာသည်။ သူ၏ ဘွဲ့ရရေးအတွက် ကျောင်းတက်နေသည့်ဘက်တွင် အမှတ်တွေက ညံ့ဖျင်းလာသည်။ သို့သော် သူက အခြားကျောင်းသားတွေလို ဘွဲ့ရပြီး အလုပ်အတွက် ပူပင်နေရသူတစ်ယောက်မဟုတ်။ သူ့ကို ၂၀၀၃ ခုနှစ်လောက်ကတည်းက ကုမ္ပဏီတစ်ခုက တစ်နှစ် ယွမ် ၃ သိန်းနှင့် စာချုပ်လာလုပ်ရန် ကမ်းလှမ်းနေသည်။ သူက ကိုယ့်အလုပ်ကို ကိုယ်စိတ်ဝင်စားသည်။ သူများထံတွင် သွားမလုပ်လို။ သူ့ကိုယ်ပိုင်လုပ်ငန်းကုမ္ပဏီကြီးတစ်ခုကို ထူထောင်ရန်အထိ ရည်မှန်းချက်ကြီးထားသည်။

တိုင်က Comsenz ဆိုသည့် ကုမ္ပဏီကို ဘေဂျင်းတွင် ထူထောင်ရန် ဆုံးဖြတ်လိုက်သည်။ ဘေဂျင်းသည် အင်တာနက်လုပ်ငန်းအတွက် အကောင်းဆုံး အချက်အချာကျသည့် နေရာတစ်နေရာဖြစ်သဖြင့် သူရွေးချယ်လိုက်ခြင်းဖြစ်သည်။ လုပ်ငန်းမှတ်ပုံတင်ရန်အတွက် ယွမ် ၅ သိန်း သုံးလိုက်ရသည်။ သူတက္ကသိုလ်တက်နေစဉ် ရှာဖွေစုဆောင်းထားသော ငွေအားလုံးပြောင်သွားသည်။ သူက ချက်ချင်းပင် ဆော့ဖ်ဝဲအဖွဲ့တစ်ဖွဲ့ကို စတင်ဖွဲ့စည်းရန် လူစုဆောင်းသလို စီမံခန့်ခွဲရေးအဖွဲ့တစ်ဖွဲ့ကိုလည်း ထူထောင်တော့သည်။ ၂ နှစ်အတွင်း သူ့ထံ၌ ကုမ္ပဏီဝန်ထမ်း ၆၀ ဖြစ်လာသည်။ ၈၀ ရာခိုင်နှုန်းမှာ ပရိုဂရမ်မာများ ဖြစ်ကြသည်။ ထိုစဉ်က သူတို့၏ Comsenz သည် ကွန်ပျူတာဆော့ဖ်ဝဲဈေးကွက်တွင် ၅၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယွမ် ၅ သန်း အကျိုးအမြတ် ရသွားသည်။

“ကျွန်တော်က ကျွန်တော့်ပရိုဂရမ်မာတွေကို သူများလုပ်နေတဲ့အတိုင်း သာမန် ၁၀ ခုကို လိုက်လုပ်နေမယ့်အစား၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်ခုလောက်ပဲ ရအောင်တီထွင်ပါလို့ အမြဲပြောတယ်” ယင်းသည် တိုင်၏ ဆောင်ပုဒ်ဖြစ်သည်။ ဘာဖြစ်ဖြစ် အကောင်းဆုံးတစ်ခု လုပ်ဆောင်နိုင်ရမည်။ ထိုအကောင်းဆုံးဆိုသည်မှာလည်း မည်သူနှင့်မှ မတူသည့် တီထွင်မှုဖြစ်ရမည်။

“Discuz!” ကို အရောင်းရ ပိုပြီးတွင်ကျယ်လာသည်။ သူက သူ့ဆော့ဖ်ဝဲကို သုံးစွဲသူများ ပိုပြီး အသုံးပြုနိုင်စေရန် အခမဲ့ပေးမည်ဟု ဆိုလိုက်သည်။ သူ့လုပ်ဖော်ကိုင်ဖက်များ အံ့အားသင့်သွားကြသည်။ သူတို့ကုမ္ပဏီက ဤဝင်ငွေဖြင့် ရပ်တည်နေကြသည် မဟုတ်ပါလား။ ကုမ္ပဏီဘော့စ်တစ်ယောက်က အားလုံးကို အခမဲ့ပေးမည်ဆိုတော့လည်း သူ့ဗျူဟာတစ်ခုဖြစ်မည်ဟုသာ မှတ်ယူလိုက်ကြသည်။

“Discuz!” ကို တစ်ဦးချင်းအနေဖြင့် သုံးလျှင် အခမဲ့ဖြစ်သည်။ သို့သော် အဖွဲ့အစည်းအနေဖြင့်သုံးလျှင် ပိုက်ဆံပေးရသည်။ ဝန်ဆောင်မှုကို အခမဲ့ဟု ဆိုထားသည်။ သူ၏ဆော့ဖ်ဝဲကို သုံးစွဲသူတွေက ပိုများလာသည်။ ယခင်ထက် download လုပ်သူ ၁၀ ဆခန့် ပိုများလာသည်။ ထိုအချိန်မှာ တိုင်၏ တိုက်ကွက်ကို သူတို့ နားလည်လာကြသည်။ 

အမှန်တော့ သူက ဆော့ဖ်ဝဲကို အခမဲ့ပေးပြီး သူ့ထံတွင် ရင်းနှီးမြှုပ်နှံမည့်သူများကို ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် Comsenz သို့ အခြားကုမ္ပဏီကြီးများဖြစ်သည့် wquoia Capital China နှင့် Angel Investment ကုမ္ပဏီများက အရင်းအနှီးများ လာရောက်ထည့်ဝင်ကြတော့သည်။သူက ကုမ္ပဏီတွင် ငွေလုံးငွေရင်းတောင့်တင်းလာမှ လုပ်ငန်းကြီးများအတွက် ဆော့ဖ်ဝဲရေးသည့်လုပ်ငန်းများကို တိုးချဲ့လာခဲ့သည်။ 

Comsenz သည် တဖြည်းဖြည်း ဆော့ဖ်ဝဲရေးရာတွင် နာမည်ရလာသလို တရုတ်နိုင်ငံတွင် ဆော့ဖ်ဝဲအထောက်အပံ့အပေးရဆုံး ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်လာခဲ့သည်။ ၂၀၀၈ ခုနှစ် မတ်လတွင် သီးခြား Website ပေါင်း ၅၆၀၀၀၀ ကျော် ရေးပေးခဲ့ရသည်။ “Discuz!” ဆော့ဖ်ဝဲသည် တရုတ်အင်တာနက် ဆက်သွယ်ရေးလမ်းကြောင်းတွင် နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လုပ်ဆောင်ရေးဆော့ဖ်ဝဲတစ်ခုကဲ့သို့ ဖြစ်လာသည်။ 

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် သူ့ကို China Entrepreneur မဂ္ဂဇင်းကြီးက အခြား ၁၉၈၀ ဖွား စွန့်ဦးလုပ်ငန်းရှင်များနှင့်အတူ မျက်နှာဖုံးတင်ပြီး ဂုဏ်ပြုခဲ့သည်။ 

တိုင်သည် အမြဲတမ်း စားသောက်ဆိုင်ကန်တင်းတွင်သာ စားသည်။ အဝတ်အစားကိုလည်း သာမန်သာ ဝတ်ဆင်သည်။ ကားကလည်း BMW အဟောင်းလေးသာ စီးသည်။ သူ့ကို သူ့ဝန်ထမ်းများနှင့် ရောနေလျှင် သာမန် သူလိုငါလို ဝန်ထမ်းလေးတစ်ဦးဟုသာ ထင်ကြမည်ဖြစ်သည်။ 

၂၀၀၈ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် တိုင်သည် SNS (Social Networking Services) ဆိုသည့် ဆော့ဖ်ဝဲကို တီထွင်ခဲ့သည်။ ထိုအချိန်ကစပြီး SNS ကို သုံးစွဲနေသည့် Website ပေါင်း ၂၀၀၀၀ ကျော် ရှိသည်။ တိုင်က

“အဲဒီဆော့ဖ်ဝဲက လူတွေကို ဝါသနာတူတွေကို တစ်ဖွဲ့တည်းဖြစ်အောင် ပေါင်းစုပေးတဲ့ ဆော့ဖ်ဝဲပါ။ မိတ်ဆွေအချင်းချင်း ဆက်သွယ်နိုင်အောင် လုပ်ပေးပါတယ်။ ကိုယ့်စာမျက်နှာမှာ ကိုယ့်မိတ်ဆွေတွေက ဘာတွေလှုပ်ရှားဆောင်ရွက်နေသလဲဆိုတာ လာပေါ်လိမ့်မယ်။ ဖုန်းခေါ်စရာမလိုဘဲ ဒီကနေ အားလုံး ဆက်သွယ်နိုင်တယ်။ စာတွေပို့နိုင်တယ်။ ဘယ်သူနဲ့မဆို ဆက်သွယ်နိုင်တယ်”ဟု ဆိုသည်။ သူက ဆိုရှယ်မီဒီယာတစ်ခုကို ထူထောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

သူ့ကုမ္ပဏီ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး သူက 

“ကုမ္ပဏီမှာ ဝန်ထမ်းနည်းနည်းပဲရှိတုန်းက ကျွန်တော် ရုံးကနေ လစ်ချင်တဲ့အချိန် လစ်လို့ရတယ်။ ခုတော့ ဝန်ထမ်း ၁၄၀ လောက် ရှိလာပြီ။ သူတို့ဘဝတွေအတွက် စဉ်းစားရတော့မယ်။ အသုံးစရိတ်တွေလျှော့ပြီး အရောင်းတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဂရုစိုက်ရတော့တယ်။ ကိုယ့်ဆီမှာ လာပြီး ရင်းနှီးမြှုပ်နှံထားသူတွေအတွက် အကျိုးအမြတ်တွေရအောင် စဉ်းစားရတယ်။ ကျွန်တော့်ပခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထားရပြီ။ ကျွန်တော့်စိတ်ထဲမှာ ပိုပြီးတော့ အကောင်းမြင်စိတ်တွေ မွေးနိုင်အောင်လည်း ကြိုးစားရတယ်”

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ကျွန်တော် တက္ကသိုလ်ဆိုတာကို မကြိုက်ခဲ့ဘူး။ တက္ကသိုလ်ဝန်းကျင်ကိုလည်း သဘောမကျဘူး။ တက္ကသိုလ်မှ လည်ပတ်နေတဲ့စနစ်တွေကိုလည်း မကြိုက်ဘူး။ ခုတော့ ကျွန်တော် သဘောကျနေပြီ။ လူတွေနဲ့ နေထိုင်နိုင်အောင်၊ သူတို့အပေါ် ယုံကြည်စိတ်တွေရှိလာအောင် ပြန်ပြီးတော့ လေ့ကျင့်နေရတယ်။ အဲဒါတွေက စာအုပ်ထဲမှာ လေ့လာလို့မရတဲ့ကိစ္စတွေပါ”ဟု ဆိုခဲ့သည်။

သူ၏အောင်မြင်နှင့် ပတ်သက်ပြီး တိုင်က

“ကျွန်တော်က ခေါင်းမာတဲ့ကောင်တစ်ယောက်ပါ။ ကျွန်တော်ဆုံးဖြတ်ချက်ချပြီးရင် လာပြင်တာကို လက်မခံတဲ့ကောင်စားပဲ။ ကျွန်တော့်ကို တစ်ခါက မင်းဇွဲဘယ်လောက်ရှိသလဲလို့ မေးတာခံရဖူးတယ်။ ဇွဲဆိုတာ သုံးနှစ်လောက် ကြံ့ကြံ့ခံပြီး မြင်နေရတဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် သွားနေရတာကို ဇွဲရှိတာလို့ မခေါ်ချင်ဘူး။ ကျွန်တော်ကတော့ မမြင်ရတဲ့ပန်းတိုင်ကို မရောက်ရောက်အောင် သွားနိုင်ခဲ့တာကမှ တကယ့်ဇွဲရှိတာလို့ ခေါ်ချင်တာ”

“လုပ်ငန်းတစ်ခု စလုပ်တယ်ဆိုတာ ဖဲကစားရသလိုပဲ။ နိုင်ရင် ခင်ဗျားကို တော်တယ်ပြောမယ်။ ရှုံးရင် ကြိုးစားဦးလို့ပြောမယ်။ ဒါကြောင့် ကျွန်တော့်ကို လူတွေက ဘာပြောပြော ဂရုကိုမစိုက်တာ။ ကျွန်တော်က ကျွန်တော်ကြိုက်တာကို ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ကျွန်တော်လုပ်ချင်သလိုလုပ်တယ်။ ကျွန်တော်လုပ်တာတွေဟာ အဓိပ္ပာယ်ရှိရမယ်။ အောင်မြင်ရမယ်”ဟု ရှင်းပြသည်။

(Ref: Derams Which Have Come True, Xue Hong)