News

POST TYPE

EDITOR PICK POST

နောက်ကျကျန်ခဲ့သည့် ကလေးများအတွက် တရုတ်သူဌေး၏ အဖြေ
27-Jan-2018



တရုတ်နိုင်ငံတွင် ဂျက်မာကို မသိသူမရှိ။ တကယ့် သူဌေးကြီးတစ်ဦးဖြစ်ပြီး ကမ္ဘာကျော်လည်းဖြစ်သည်။ သူက အေးခဲသည့် ရာသီဥတုကို ဖြတ်ပြီး ကျောင်းလာတက်ရသည့် ကလေးတစ်ဦး၏ ဆံပင်နှင့်မျက်တောင်များ ရေခဲချောင်းလို ဖြစ်နေပုံတွေကို အွန်လိုင်းတွင်တွေ့ ပြီး သနားစိတ်ဖြစ်ကာ သူ့လို သူဌေးလုပ်ငန်းရှင်များကို ကျေးလက်တောရွာနေ ကလေးများပညာရေးအတွက် အထောက်အကူပေးကြရန် မေတ္တာရပ်ခံလိုက်သည်။ ကျေးလက်နေ ကလေးများအတွက် ဂျက်မာ ဖြေရှင်းပုံက ရိုးရိုးလေးဖြစ်သည်။ ကျေးလက်တောရွာများတွင် ဝေးလံသည့်ဒေသများက ကျောင်းလာတက်နေရသည့် ကလေးများကို ကျောင်းအိပ်ကျောင်းစား ဘော်ဒါများဖွင့်ပေးပြီး ပညာသင်ကြားနိုင်ရေးကို အားပေးရန် ဖြစ်သည်။ 

အသက် ၈ နှစ်အရွယ် “ရေခဲကောင်လေး” ဝမ်ဖူးမန်သည် အင်တာနက်ပေါ်တွင် ဆွဲဆောင်မှုအကောင်းဆုံး သတင်းတစ်ခု ဖြစ်သွားရသည်။ ကျောင်းရောက်လာသည့် ခေါင်းတစ်ခုလုံး ရေခဲတွေ အေးခဲနေသော ကလေးဓာတ်ပုံကို ဆရာဖြစ်သူက အွန်လိုင်းပေါ်တင်လိုက်သည်။ ကလေးက ကျောင်းတက်ရန် ဆီးနှင်းများထဲကိုဖြတ်ပြီး ကျောင်းလာတက်ရသူဖြစ်သည်။ 

ထိုသတင်းကို Alibaba Group လုပ်ငန်းစုကြီးပိုင်ရှင် ဘီလျံနာသူဌေးကြီး ဂျက်မာတစ်ယောက် သိပြီးနောက် ကလေးများ ဝေးလံသည့်ဒေသများအထိ သွားရောက်ပညာသင်ကြားနေရပုံကို သနားစိတ်ဖြစ်ပေါ်ခဲ့သည်။ တရုတ်ကျေးလက်များတွင် ကလေးများသည် ပျမ်းမျှ ၅ ဒသမ ၄ ကီလိုမီတာနှုန်းခန့်ကို အိမ်မှ ကျောင်းရောက်သည်အထိ လမ်းလျှောက်ကာ ကျောင်း တက်နေကြရသည်။ 

ဂျက်မာက အလွန်သေးသည့် ကျောင်းလေးများကို ပိတ်လိုက်ရန် အကြံပြုသည်။ ကျောင်းများကို ပေါင်းလိုက်ပြီး ကလေးများကို ဘော်ဒါကျောင်းများ ဖွင့်ပေးကာ ကျောင်းအိပ်ကျောင်းစား ထားရန် အကြံပြုသည်။ 

“ကလေးတွေက တောင်တွေပေါ်ကိုတက်ပြီး ဖြစ်စေ၊ မြစ်ချောင်းတွေ ကူးပြီးတော့ဖြစ်စေ ကျောင်းတွေ လာနေကြရတယ်။ ကလေးတွေအတွက် အိမ်နဲ့ကျောင်းကြားမှာ နေ့စဉ် အချိန်တွေ အများကြီးပေးနေကြရတယ်။ ဒါကြောင့် သူတို့ကို ဘော်ဒါတွေ ဖွင့်ပေးသင့်ပါတယ်”ဟု ဂျက်မာက ဆိုသည်။

ဂျက်မာက သူအကောင်အထည်ဖော်မည့် ကျေးလက်တွင် ဘော်ဒါဆောင်ဖွင့်ပေးရေး လုပ်ငန်းအတွက် တရုတ်စွန့်ဦးလုပ်ငန်းရှင် ၈၀ ကျော်ကို သူနှင့်အတူလက်တွဲရန် ဖိတ်ခေါ်ထားသည်။ သူကိုယ်တိုင် ၁၉၉၂ ခုနှစ်က ကျေးလက်တွင် ထမင်းဘူးလေးတစ်လုံးကိုင်ပြီး ကျောပိုးအိတ်နှင့် လမ်းလျှောက်နေသည့် ကျောင်းလာတက်နေသော ကောင်မလေးတစ်ယောက်ကို ကိုယ်တွေ့ကြုံခဲ့ဖူးသည်။ 

“နှစ်တွေပြောင်းလာတယ် အနေအထားကတော့ မပြောင်းလဲသေးဘူး။ သဘောကတော့ အာဏာပိုင်တွေက ဘာမှ မလုပ်ပေးနိုင်သေးဘူးဆိုတဲ့ သဘောပဲ။ ကျေးလက်တွေမှာ မဖွံ့ဖြိုးရတဲ့ အကြောင်းတွေထဲမှာ သူတို့ခံစားခွင့်ရတဲ့ ရင်းမြစ်တွေ ဘာမှခံစားခွင့် မရှိသေးဘူးဆိုတဲ့သဘောပဲ”ဟု ဂျက်မာက ပြောသည်။

ဆံပင်တွေအေးခဲအောင် ကျောင်းလာတက်နေရသည့် ကလေးသည် တရုတ်နိုင်ငံ ကျေးလက်နေ ကလေးပေါင်း သန်း ၆၀ ကျော်ကို ကိုယ်စားပြုနေသည်။ ကျေးလက်တွင် ပညာရေးနောက်ပြန် ကျန်ခဲ့သည့် ကလေးပေါင်းများစွာ ရှိနေသည်ဆိုသော သဘောဖြစ်သည်။ 

တရုတ်ကျေးလက်များတွင် ကျောင်းအရေအတွက် လျော့ကျလာခဲ့သည်မှာ ၁၉၉၀ ပြည့်နှစ်ပိုင်းလောက် ကတည်းက ဖြစ်သည်။ အစိုးရက အဖြေရှာသည်မှာ ကျေးလက်ကလေးတွေကို မြို့တက်ခိုင်းနေခြင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၀၁ ခုနှစ်တွင် တရုတ်ကျေးလက်များ၌ ကျောင်းပေါင်း ၅၁၀,၀၀၀ ရှိရာက ၂၀၁၀ ပြည့်နှစ်တွင် ၂၃၀,၀၀၀ သာရှိတော့ကြောင်း ထောက်ပြထားသည်။

ဂျက်မာလှုပ်ရှားနေသည်မှာ ကျေးလက်ကလေးများအတွက် ဝေးလံသည့်နေရာကို ကျောင်းသွားတက်ခိုင်းနေမည့်အစား ကျောင်းများတွင် ဘော်ဒါဆောင်ဖွင့်ပေးပြီး ကျောင်းအိပ် ကျောင်းစား လာနေခိုင်းမည်။ လိုအပ်သည့်အဆောင်နှင့် ဘတ်စ်ကားများကို သူနှင့် မိတ်ဆွေသူဌေးများက စုပေါင်းလှူကြမည် ဖြစ်သည်။ ဘေဂျင်းမှ စီးပွားရေးလုပ်ငန်းရှင် တိုင်ကွန်း ကြီးများကလည်း ဂျက်မာ၏ လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြမည် ဖြစ်သည်။ 

ဂျက်မာသည် ယမန်နှစ်က ဆရာ ၁၀၀ ကို ဂျက်မာဖောင်ဒေးရှင်းအနေနှင့် ဆုများချီးမြှင့်ခဲ့သေးသည်။ တရုတ်ကျေးလက်များတွင် အနစ်နာခံပြီး တာဝန်ထမ်းဆောင်နေသည့် ဆရာများကို ချီးမြှင့်ခြင်းဖြစ်သည်။ ဆရာ ဆရာမများသည် တစ်ဦးလျှင် ယွမ် တစ်သိန်း (ဒေါ်လာ ၁၅၅၀၀) ခန့် ဆုကြေးရရှိကြသည်။ သူက ကျေးလက်တောရွာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာများဘဝကို ကိုယ်ချင်းစာနာသူဖြစ်သည်။ 

ဂျက်မာက ကျေးလက်ဆရာများ၏ ဘဝကို ဟန်ကျိုးနယ်ရှိ တက္ကသိုလ်တွင် ၆ နှစ်ခန့် အင်္ဂလိပ်စာပြ ဆရာဘဝကတည်းက နားလည်သဘောပေါက်ပြီး ကိုယ်ချင်းစာကြောင်း ရှင်းပြခဲ့သည်။ ကျေးလက်တွင် တောင်သူလယ်သမားများသည် ချမ်းသာသွားကြသော်လည်း ပညာရေးက နိမ့်ကျကျန်သေးသည်။ နိုင်ငံမြို့ပြကြီးများတွင် တက္ကသိုလ်ကြီးများကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်နေကြသော်လည်း ကျေးလက်များ၌ ကျောင်းတွေ၏ အနေအထားက ဆိုးရွားနေဆဲဖြစ်ကြောင်း သူက ထောက်ပြထားသည်။ 

တရုတ်ကျေးလက် ကျောင်းအချို့တွင် ကျောင်းသား ၁၀ ဦးခန့်သာ ရှိတော့သည်။ ကျောင်းထွက်ကုန်ကြသည့် အကြောင်းတရားပေါင်းများစွာ ရှိနေသည်။ သူက ကျေးလက် ကျောင်းတစ်ကျောင်းတွင် အနည်းဆုံး ကျောင်းသား ၁၀၀ ခန့်ရှိသင့်သည်။ ကျောင်းကောင်း၊ ကျောင်းသားစုံမှ အရည်အသွေးပြည့်သည့် ဆရာကောင်းများကို ငှားရမ်းပြီး ဖြည့်ဆည်းနိုင်မည်။ ကျောင်းများတွင် ဘော်ဒါဆောင်များ ဖွင့်လှစ်ပေးလိုက်ခြင်းက လက်ရှိအနေအထားတွင် အားလုံးအတွက် အကောင်းဆုံးဖြစ်သည်။ သူက ဘော်ဒါဆောင်များတွင် ကြီးကြပ်အုပ်ထိန်းမည့် ဆရာကောင်းများကိုပါ ရွေးချယ်ခန့်ထားပြီး ကျောင်းသားများကို စိတ်ဖြေသိမ့်ပေးခြင်း၊ အတိုင်ပင်ခံအဖြစ် နွေးထွေးစွာ ဆောင်ရွက်စေခြင်းတို့အထိ ဂျက်မာက အကြံပြုထားသည်။

တရုတ်ကျေးလက် ဖွံ့ဖြိုးရေးသိပ္ပံမှ ဆရာတစ်ဦးဖြစ်သူ လီတောင်းကတော့ ဂျက်မာ၏ စိတ်ကူးကို လက်မခံပေ။ သူ့အကြောင်းပြချက်က ရှင်းသည်။ ကျောင်းများကို ပေါင်းလိုက်ခြင်းသည် ယဉ်ကျေးမှုမတူ၊ လူမျိုးမတူသူများကို ရှုပ်ထွေးမှုများ ဖြစ်စေလိမ့်မည်ဟု ဆိုထားသည်။ တိုင်းရင်းသားလူမျိုးစုများကို တစ်ကျောင်းတည်း ပေါင်းထားခြင်းကြောင့် ဘာသာစကား၊ ယဉ်ကျေးမှု ပြဿနာများ ဖြစ်လာမည်ကို လီတောင်းက စိုးရိမ်နေခြင်းဖြစ်သည်။ 

တရုတ်သည် ၂၀၂၀ ပြည့်နှစ်တွင် ပညာခေတ်ကို ပြုပြင်ပြောင်းလဲနိုင်ရန် ပြင်ဆင်နေသည်။ အဘယ်ကြောင့် ခရီးရှည် ရေခဲနှင်းခဲများကြားတွင် ဖြတ်ပြီး ကျောင်းလာတက်နေရသည့် ကလေးက ရှိနေရသေးသနည်း ဆိုသည်ကလည်း မေးခွန်းထုတ်စရာဖြစ်သည်။ 

E01
(Ref: South China Morning Post)


  • VIA