News

POST TYPE

EDITOR PICK POST

လူတိုင်း ပရိုဂရမ် ရေးနိုင်ရမည်
27-Jan-2018



ကမ္ဘာကျော် Apple ကုမ္ပဏီကြီးသည် လူတိုင်း ကွန်ပျူတာကုတ် ရေးနိုင်ရမည်ဆိုသည့် (Everyone Can Code) ဆိုသည့် ပရိုဂရမ်ကို အကောင်အထည်ဖော်ပေးရန် စတင်ဆောင်ရွက် နေပြီဖြစ်သည်။ ဥရောပရှိ တက္ကသိုလ်နှင့်ကောလိပ် ကျောင်းပေါင်း ၇၀ တွင် ကွန်ပျူတာပရိုဂရမ်ရေးနည်း သင်တန်းများကိုစတင်ရန် စီစဉ်နေသည်။ ထိုပရိုဂရမ်ကို Apple ကုမ္ပဏီက တီထွင်ထားခြင်းဖြစ်ပြီး ဆော့ဖ်ဝဲတစ်ခုကို မည်သို့ အလွယ်ရေးနိုင်ကြောင်း ကျောင်းသား၊ ကျောင်းသူများ စတင်လေ့လာနိုင်ကြမည်ဖြစ်သည်။ 

Everyone Can Code ပရိုဂရမ်ကို Apple ကုမ္ပဏီသည် ၂၀၁၇ ခုနှစ် မေလကတည်းက စတင်ပြီး ထုတ်လွှင့်ခဲ့သည်။ အမေရိကတွင် ထိုပရိုဂရမ်ကို ကန့်သတ်ထားပြီး ဥရောပအတွက် အထူးစီစဉ်ပေးခြင်းဖြစ်သည်။ ဥရောပတွင်တော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှ စတင်လေ့လာသင်ယူနိုင်ခဲ့ကြသည်။ ဩစတြေးလျတွင်လည်း ဖြန့်ချိရန်ပြင်ဆင်ထားကြောင်း သိရသည်။

Everyone Can Code ပရိုဂရမ်ကို တက္ကသိုလ်ကောလိပ်များတွင် တစ်နှစ်သင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်ရိုးကိုလည်း တစ်နှစ်စာ အပြည့်ဆွဲထားသည်။ သင်ယူနိုင်မည့် ဥရောပနိုင်ငံများမှာ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ နယ်သာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ချက်သမ္မတနိုင်ငံ၊ အိုင်ယာလန်၊ လူဇင်ဘတ်၊ ပိုလန်နှင့် ပေါ်တူဂီနိုင်ငံများဖြစ်သည်။

Apple ကုမ္ပဏီစီစဉ်ကာ သင်ကြားမည့် ပရိုဂရမ်သည် အလွန်ကြီးကျယ်သည့် ပရိုဂရမ်တစ်ခုဖြစ်သည်။ ဗြိတိန်နိုင်ငံ Harlow College နှင့် ဒိန်းမတ်နိုင်ငံ Mercantec Vocational College နှစ်ကျောင်းပေါင်းတွင် သင်ကြားပေးရမည့် ကျောင်းသား၊ ကျောင်းသူပေါင်းကပင် ၃၀၀၀ ခန့်ရှိသည်။ ဂျာမနီနိုင်ငံ Technical University of Munich နှင့် နယ်သာလန်နိုင်ငံ Hogeschool van Arnhem en Nijmegen တို့တွင် သင်ယူရန် ပြင်ဆင်နေသူပေါင်းက ၃၄၀၀၀ ရှိသည်။ 

ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးမည့် ပရိုဂရမ်မှာ Swift  ဖြစ်သည်။ ယင်းပရိုဂရမ်သည် Apple ကုမ္ပဏီက iOS နှင့် OS X ဆော့ဖ်ဝဲများကို ရေးသားသည့် ပရိုဂရမ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက Objective-C ဆိုသည့် ပရိုဂရမ်နေရာတွင် အစားထိုးသုံးစွဲခဲ့ခြင်းဖြစ်သည်။ Swift ကို စတင်ပြီး အသုံးပြုနေကတည်းက Apple ကုမ္ပဏီအနေနှင့် “Learn to Code” ဆိုသည့် သဘောတရားကို ပညာရေးလောကအတွင်း ရိုက်သွင်းမှုကို စတင်ခဲ့သည်ဟုဆိုရမည်။ Learn to Code သည် ကွန်ပျူတာပရိုဂရမ်ကို စတင်သင်သည့်သူများအတွက် အလွယ်ဆုံးစနစ်တစ်ခုဖြစ်ပြီး ကလေးများကို Swift Playgrounds ဆိုသည့်အနေနှင့် စတင်သင်ယူနိုင်ရန် စီစဉ်ပေးခဲ့သည်။

Apple ကုမ္ပဏီသည် မျိုးဆက်သစ်လူငယ်များကို Developer များအဖြစ် မွေးထုတ်ပေးရန် အရေးတကြီးဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ဆော့ဖ်ဝဲများကို ရေးနိုင်သူ များများထွက်ရေးက ပိုပြီးအရေးကြီးသည်။ App Store အနေနှင့် အကျိုးစီးပွားအတွက် ပရိုဂရမ်မာများကို မွေးထုတ်နိုင်မှ ရေရှည်တွင် ပိုပြီးအကျိုးရှိနိုင်မည်ဖြစ်သည်။

Apple Store ဆိုသည့် ဆော့ဖ်ဝဲအရောင်းဌာန ကို ၂၀၀၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ ကမ္ဘာအနှံ့ ဆော့ဖ်ဝဲများကို ရောင်းချသည့် လုပ်ငန်းမှာ ဒေါ်လာ ၁၆ ဘီလီယံအထိ အကျိုးအမြတ် ရရှိလာသည်အထိ အောင်မြင်ခဲ့သည်။ ၂၀၁၇ ဇွန်လအထိ Apple Store နှင့်ပတ်သက်ပြီး အကျိုးအမြတ်မှာ ဒေါ်လာ ဘီလီယံ ၇၀ အထိရရှိနေပြီဖြစ်သောကြောင့် Appl Store ကို အားသစ်လောင်းနိုင်မည့် လူငယ်ပရိုဂရမ်များ မွေးထုတ်နိုင်ရေးမှာ Apple အတွက်လည်း သေရေးရှင်ရေးဖြစ်နေသည်။

ဥရောပတွင် ဆော့ဖ်ဝဲထုတ်လုပ်ရေး လုပ်ငန်းအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်လိုက်သောကြောင့် လူငယ်ပေါင်း ၁ ဒသမ ၃၆ သန်း အလုပ်ရခဲ့ကြောင်း Apple ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။ ဥရောပရှိ ပရိုဂရမ်မာများအတွက် Apple ကုမ္ပဏီအနေနှင့် ပေးနေရသည့် လစာပမာဏကလည်း ဒေါ်လာ ၁၈ ဘီလီယံခန့် ရှိသည်။ 

ဆော့ဖ်ဝဲစီးပွားရေးသည် ယခုအခါ ကမ္ဘာပေါ်တွင် အီလည်လည်ဖြစ်နေသည့် အနေအထားကိုရောက်နေသည်။ ဆော့ဖ်ဝဲဆိုသည်မှာ ယခင်လို စီဒီနှင့်လိုက်ဝယ်နေရသည့် ခေတ်လည်းမဟုတ်တော့။ ငွေလွဲပြီး အလွယ်တကူ အွန်လိုင်းက Download ရယူနိုင်သည့် အနေအထားကို ရောက်လာသည်။ App Annie ၏ အစီရင်ခံချက်အရ မိုဘိုင်းလ်ဆော့ဖ်ဝဲများ Download ရယူနေမှုသည် အခြားကုမ္ပဏီများ အပါအဝင် ၂၀၁၇ ခုနှစ်တွင် စုစုပေါင်း ဒေါ်လာ ၁၇၅ ဘီလီယံအထိ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ယင်းမှ ပြန်လည်ရရှိနေသည့် အမြတ်ဝင်ငွေမှာ ဒေါ်လာ ၈၆ ဘီလီယံဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁၁၀ ဘီလီယံအထိ တစ်ကမ္ဘာလုံးတွင် ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။

ကွန်ပျူတာ Code ရေးနည်းအတတ်သည် ယနေ့ကမ္ဘာတွင် မဖြစ်မနေရှိထားရမည့် ကျွမ်းကျင်မှု ပညာရပ်တစ်ခု ဖြစ်လာသည်။ ထို့ကြောင့်လည်း Everyone Can Code စနစ်ကို Apple က အကောင်အထည်ဖော်ပြီး Apple လိုင်းသို့ ပညာရှင်များ ပေါ်ပေါက်လာရေးကို ဆွဲခေါ်ကာ အပိုင်သိမ်းနေခြင်းဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက Everyone Can Code ကို အကောင်အထည်ဖော်နေသည်။ ကျောင်းတွေကို အခြေခံထားပြီး ဖွံ့ဖြိုးအောင် လုပ်ပေးခြင်းသည် အနာဂတ်အတွက် ပရိုဂရမ်မာကောင်းများကို လေ့ကျင့် မွေးထုတ်ပေးလိုက်ခြင်းလည်းဖြစ်သည်။ လက်ရှိသင်ရိုးများမှာ ကွန်ပျူတာကုတ်သင်ကြားမည့် စနစ်များ၊ Skills များကို မဖြစ်မနေ ထည့်သွင်းရတော့မည့် အနေအထား ဖြစ်လာသည်။ ကျောင်းတွေက ပြင်ပကုမ္ပဏီများနှင့်ပူးပေါင်းပြီး Everyone Can Code ကို ခွင့်ပြုပေးခြင်းကလည်း အကြောင်းမဲ့ မဟုတ်တန်ရာ။ 

E01 
(Ref: Apple’s ‘Everyone Can Code’ program expands more broadly in Europe, Sarah Perez)

 

  • VIA