News

POST TYPE

EDITOR PICK POST

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးနှင့် တွေ့ဆုံခြင်း
12-Jan-2018 tagged as မိုးလေဝသ



"နောက်ဆက်တွဲငလျင်တွေက အနည်းနဲ့အများတော့ လာမှာပဲ"

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်အစောပိုင်း “၀၀ : ၅၆” မိနစ်ခန့် (ညသန်းခေါင်) က ဖြူးမြို့၏အနောက် - အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာ ပဲခူးရိုးမအတွင်းကို ဗဟိုပြု၍ အင်အားရစ် (ခ်) စတာစကေး ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲမြေငလျင်များ ထပ်မံလှုပ်ရှားခဲ့သည်။ ယင်းငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့တော်အပါအဝင် ပဲခူး၊ နေပြည်တော်၊ မကွေး၊ ဧရာဝတီနှင့် ကယားအစရှိသည့်ဒေသများတွင် သိသာစွာခံစားလိုက်ရသော်လည်း လတ်တလောအပျက်အစီးမရှိခဲ့ပေ။ ယင်းကြောင့် ငလျင်လှုပ်ခတ်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ 

The Voice : လက်ရှိလှုပ်ခတ်ခဲ့တဲ့ မြေငလျင်က စစ်ကိုင်းပြတ်ရွေ့ကြောကနေ အဓိကလှုပ်ခတ်တာပါလား။ ဘယ်လိုအခြေအနေမျိုးကြောင့်လဲဆိုတာ သိပါရစေဆရာ။
Dr. YMMH: အခုငလျင်က စစ်ကိုင်းပြတ်ရွေ့နဲ့မဆိုင်ဘူး။ စစ်ကိုင်းပြတ်ရွေ့အနောက်ဘက်ထဲမှာ ပဲခူးရိုးမထဲက Thrust Fault ပြတ်ရွေ့အသေးစားတစ်ခုကြောင့်ပါ။ ဒါကြောင့် ပဲခူးရိုးမဘက်မှာ လှုပ်တာ။ သူက နာမည်တော့မရှိဘူး။ 

The Voice : နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်တာကရော သူ့အရှိန်ကြောင့်ပဲလား။ ထပ်ပြီးတော့ နောက်ဆက်တွဲငလျင်တွေ လာနိုင်သေးလားဆရာ။ 
Dr. YMMH: ပထမအင်အားက စစ်ပွိုင့်ဇီးရိုး (6.0) ရှိတယ်။ သူ့ရဲ့မြေငလျင်ဗဟိုချက်က ဇောက်တိမ်တော့ နောက်ဆက်တွဲငလျင်တွေ လိုက်လာတာပါ။ နောက်ဆက်တွဲငလျင်အနေနဲ့က ဒီနေ့မနက်တစ်ခုအပါအဝင် စုစုပေါင်း ငါးကြိမ်လှုပ်သွားတယ်။ အခုဖြူးမှာ လှုပ်တဲ့ငလျင်ကတော့ လောလောဆယ်သုံးသပ်ချက်အရ စစ်ကိုင်းပြတ်ရွေ့နဲ့ ဆက်စပ်မှုမရှိဘူး။ ဒါပေမဲ့ ဇောက်တိမ်ငလျင်လည်းဖြစ်တဲ့အတွက် ရန်ကုန်ရယ် ဒီဘက်တစ်ခြမ်းလုံး ဖြူးတို့၊ ပဲခူးတို့ တောင်ငူတို့ ဇီးကုန်းတို့ ပြည်တို့နေပြည်တော်မှာလည်း သတိပြုမိလိုက်တာပါ။ ငလျင်ကတော့ ကြိုတင်ပြီးခန့်မှန်းလို့တော့ မရပေမယ့် ပုံမှန်ဆိုရင်တော့ ဒီလောက်ပြင်းအားနဲ့ လှုပ်သွားတယ်ဆိုတော့ နောက်ဆက်တွဲငလျင်တွေတော့ အနည်းနဲ့အများတော့ လာမှာပဲ။

The Voice: မြန်မာနိုင်ငံက မြို့ကြီးတွေကရော အင်အားပြင်း မြေငလျင်ကြီးအန္တရာယ်ရှိပါသလား။ ဘယ်လောက်စိုးရိမ်ရပါသလဲ။ 
Dr. YMMH: အဓိကကတော့ မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့ကတော့ main fault ဖြစ်တဲ့အတွက် ဒီစစ်ကိုင်းပြတ်ရွေ့ကိုတော့ သတိပေးထားတာပေါ့။ တခြားပြတ်ရွေ့ငယ်တွေကတော့ တစ်နိုင်ငံလုံးအနှံ့ တော်တော်များများရှိနေတဲ့အတွက် သတိထားရမှာပေါ့။ ဒီတစ်လပိုင်း တစ်ရက်နေ့ကစပြီးတော့ ဒီမနက်လှုပ်တာတွေအပါအဝင် ငလျင်လှုပ်တာ ၁၄ ကြိမ် ထုတ်ပြန်ထားတယ်။ အဲဒီမှာမှ ညတုန်းက အဓိကငလျင်ရယ် အခုမနက်လှုပ်တဲ့ ငလျင်တွေအပြင် တခြားသတင်းထုတ်ထားတဲ့ ခြောက်ခုလောက်မှာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းက ပိုများတယ်။ အရင်ကလည်း အနောက်မြောက်ပိုင်းက ပိုပြီးလှုပ်လေ့ရှိတယ်။ တချို့ဟာကတော့ အင်အားနည်းပြီး ဇောက်နက်တဲ့အခါကျတော့ လူသတိမပြုမိတာပေါ့။ နည်းနည်းလည်း activity များလာတာပေါ့။ 

The Voice: ငလျင်အန္တရာယ်နဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသလဲဆရာ။ 
Dr. YMMH: မြန်မာနိုင်ငံမှာ အဓိကပြတ်ရွေ့က စစ်ကိုင်းပြတ်ရွေ့ဖြစ်နေတဲ့အတွက် ဒီပြတ်ရွေ့တစ်လျှောက်မှာရှိတဲ့ မြို့ကြီးတွေအကုန်လုံးက ပိုပြီးသတိထားဖို့လိုတယ်။ ဒါ့အပြင် နောက်ပြီး မြန်မာနိုင်ငံအနောက်မြောက်ပိုင်းအနေနဲ့က ပုံမှန်လည်း မကြာခဏလည်း လှုပ်နေတယ်။ တောင်တွေလည်း ရှိတဲ့အတွက်ကြောင့် မြေပြိုမှုအန္တရာယ်လည်း ရှိနိုင်တာကို ကြိုတင်စဉ်းစားထားဖို့လိုတယ်။ နောက်ဒီပြတ်ရွေ့တွေတစ်လျှောက်မှာ ရှိနေတဲ့ မြို့တွေအပြင် ယခင်က ငလျင်ကြီးလှုပ်ခတ်ခဲ့ဖူးတဲ့ ပဲခူးလိုမြို့တွေအပြင် ပျဉ်းမနား - သာစည်အပိုင်းအနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်တယ်။

The Voice: ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

E-03