News

POST TYPE

EDITOR PICK POST

မဘသ နေညိုချိန် မြန်မာ့ကံကြမ္မာ
စင်ကာပူက စသည့်ဇာတ်လမ်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင်လ ၃ ရက်နေ့က စင်ကာပူနိုင်ငံ ခရီးစဉ်တွင် မဘသ မလိုအပ်ကြောင်း ပြောဆိုခဲ့ရာမှ အစပြုသည်။
မဟန ရှိနေခြင်းကြောင့် မဘသ မလိုအပ်ဟု ဦးဖြိုးမင်းသိန်းက စင်ကာပူရောက် မြန်မာများ၏ မေးမြန်းမှုကို ဖြေဆိုခဲ့သည်။ ဤတွင် မဟန (နိုင်ငံတော် သံဃမဟာနာယကအဖွဲ့) နှင့် မဘသ (အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့) ဇာတ်လမ်းစလေသည်။

“ကျွန်တော်တို့နိုင်ငံမှာ အခြေအနေအရ မဘသဆိုတဲ့ အဖွဲ့အစည်း ပေါ်ခဲ့ပါတယ်။ ဒီအခြေအနေဟာ အမှန်အတိုင်းပြောမယ် ဆိုရင် မလိုအပ်ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အဖြစ် သံဃမဟာနာယကအဖွဲ့ကို နိုင်ငံတော်က တရားဝင် ဖွဲ့စည်းပေးထားပြီး ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက မှတ်ချက်ပေးခဲ့သည်။

ယင်းမှစ၍ သုံးနှစ်တာသက်တမ်း အတွင်း အငြင်းပွားဖွယ်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် မဘသအဖွဲ့၏ ကံကြမ္မာသည် အလှည့်အပြောင်း ဖြစ်လာသည်။

ဦးဖြိုးမင်းသိန်း အနေနှင့် ယင်းစကားကိုပင် ဇူလိုင်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ ခရီးရောက်မဆိုက် လေဆိပ်တွင် ထပ်မံပြောဆိုလိုက်သေးသည်။ ယင်းအပြင် နောက်တစ်ရက် အကြာတွင် မဟနအဖွဲ့ကြီးထံသို့ သွားရောက်ကာ ထပ်မံလျှောက်ထားခဲ့ပြန်သည်။

အဆိုပါ ပြောဆိုချက်နှင့် ပတ်သက်၍ မဘသအဖွဲ့က အစည်းအဝေး နှစ်ကြိမ်ဆက် ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက် သုံးစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည့် ပထမဆုံး ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်သည် သူ၏ လုပ်ပိုင်ခွင့် မူဘောင်ကို ကျော်လွန်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး (မဘသ) အဖွဲ့ကြီးကို ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ ကြံစည်အားထုတ်သည်ဟု ပါရှိသည်။

ယင်းသို့ ပြောဆိုမှုကို ပြန်လည်ဖြေရှင်းရန်နှင့် မဖြေရှင်းပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မည်ဟု ရာဇသံပစ်သည်။

အချို့အဖွဲ့ဝင်များဆိုလျှင် ဝန်ကြီးချုပ်ကို ရာထူးမှ နှုတ်ထွက်ပေးရန် အထိပင် တောင်းဆိုခဲ့သည်။

သို့သော် အခြေအနေများက မဘသများ မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။

အစိုးရအနေနှင့် မဘသအဖွဲ့၏ ဖြေရှင်းရန် တောင်းဆိုမှုအပေါ် ပြန်လည်တုံ့ပြန်ခြင်း မပြုခဲ့ပေ။ ဦးဖြိုးမင်းသိန်း အနေနှင့် ဒီမိုကရေစီအရ လွတ်လပ်စွာ ပြောဆိုခြင်း ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

ယင်းအပြင် NLD ၏ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သူ ဦးဝင်းထိန်ကလည်း မဘသအဖွဲ့ တောင်းဆိုမှုအပေါ် ပန်းနှင့် ပစ်ပေါက်သကဲ့သို့ သဘောထားကာ ဂရုမစိုက်ခဲ့ချေ။

မဘသအနေနှင့် ၎င်းတို့၏ ထုတ်ပြန်ချက်ကိုပင် ပြန်လည်ဖြေလျော့ခဲ့သည့် ထုတ်ပြန်ချက်တစ်စောင်ကို ငါးရက်အကြာတွင် ထပ်မံထုတ်ပြန်ခဲ့ရသည်။

ဒီမိုကရေစီ သဘောတရားအရ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိသည်နှင့်အညီ ဝန်ကြီးချုပ်က သူ့သဘောဆန္ဒအရ ပြောဆိုခြင်း ဖြစ်သောကြောင့် ဆန္ဒထုတ်ဖော်တော့မည် မဟုတ်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။

မဘသအနေနှင့် ဆန္ဒထုတ်ဖော်မှု အစီအစဉ် မရှိတော့ကြောင်း ထုတ်ပြန်ကြေညာသည့် နေ့တွင်ပင် သံဃာတော်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အာဏာပိုင် အဖွဲ့ အစည်းကြီးဖြစ်သည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးကလည်း ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

“မဘသအဖွဲ့ကို သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်သည့် အဖွဲ့အစည်းကြီး ဖြစ်သည်ဟု ဖော်ပြခြင်းမှာလည်း လုံးဝ (လုံးဝ) မဟုတ်ပါ” ဟု ပါရှိသည်။

ယင်းအပြင် မဘသအဖွဲ့၏ ၎င်းတို့သည် ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ပေါက်ဖွားလာသည့်အဖွဲ့ ဖြစ်သည်ဆိုသည့် အချက်ကိုလည်း မဟနက တစ်ပါတည်း ငြင်းဆိုခဲ့သည်။

ဆိုလိုသည်က မဘသအဖွဲ့ကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကြီးက အသိအမှတ် မပြုခြင်းပင်။ မဟနအနေနှင့် မဘသဆိုသည့် အမည်နာမကိုပင် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း မပြုကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် မဘသအဖွဲ့အား အရှိုက်ကို ထိစေခြင်း ဖြစ်သည်။

မဘသကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဖွဲ့စည်းစဉ်က အဖွဲ့၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအတွက် သက်သက်သာ ဖြစ်သည့် ရဟန်းရှင်လူ ပြည်သူများ ပါဝင်သော အဖွဲ့အစည်းသာ ဖြစ်စေရန်၊ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများ၌ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးအား စွမ်းနိုင်သလောက် ပံ့ပိုးကူညီသွားရန်ဟူ၍ ဖြစ်သည်။

ယင်းအကြောင်းကိုလည်း ဥက္ကဋ္ဌ ဆရာတော်ဖြစ်သည့် အင်းစိန် ရွာမပရိယတ္တိ စာသင်တိုက် ဆရာတော် အရှင်တိလောကာ ဘိဝံသကမဟန ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးထံသို့ လျှောက်ထားဖူးသည်။

သို့သော် ဖွဲ့စည်းစကပင် ထိုစဉ်က အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နီးကပ်မှု ရှိခဲ့ခြင်းကြောင့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းကြောင်း လူအများက ရှုမြင်သည်။ မဘသအဖွဲ့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အထောက်အပံ့ ပေးထားပြီး အပြန်အလှန်အားဖြင့် ရွေးကောက်ပွဲတွင် ယင်းပါတီကို မဲပေးရန် မဲဆွယ်ပေးရမည် ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ရွေးကောက်ပွဲမတိုင်မီက ထုတ်ဖော်ပြောဆိုခဲ့သည်။

အမှန်တကယ်တွင်လည်း ရွေးကောက်ပွဲကာလ အတွင်းက မဘသအဖွဲ့ဝင် ရဟန်းတော်အချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို မဲမပေးရန် လှုံ့ဆော်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးဘာသာ စောင့်ရှောက်ကာကွယ်ရေး အားနည်းလွန်းသည်ဟု ဦးဝီရသူက ဝေဖန်ခဲ့သလို အစွန်းရောက် ဘုန်းတော်ကြီးအချို့က အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန် အဆိုပြုမှုကိုလည်း ဆန့်ကျင်ခဲ့သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် အစွန်းရောက် ဘုန်းတော်ကြီးအချို့မှာ အသွင်ပြောင်း စစ်အစိုးရအဖွဲ့မှ စစ်ခေါင်းဆောင်ဟောင်းများ အတွက် အဖိုးတန် နိုင်ငံရေး မဟာမိတ်သဖွယ် ဖြစ်လာခဲ့ကြောင်း နိုင်ငံရေး သုတေသီတစ်ဦး ဖြစ်သူ ဦးမင်းဇင်က ၂၀၁၄ ခုနှစ် ကတည်းက ထောက်ပြပြောဆိုခဲ့သည်။

မဘသ အနေနှင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး သမားများနှင့်လည်း အစဉ်တစိုက် ပဋိပက္ခများ ရှိခဲ့ပြီး မြန်မာ့လူမှုအသိုင်းအဝိုင်းကို လှုပ်ခါစေခဲ့သော အမျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေး အတွက်လည်း ဦးစီးဦးဆောင်ပြု လှုပ်ရှားခဲ့သည်။

ဘာသာရေး အစွန်းရောက်သည့် အပြုအမူနှင့် အပြောအဆိုများကိုလည်း အဖွဲ့ဝင် ရဟန်းတော်များက မကြာခဏ ပြုမူပြောဆိုခဲ့သည်။

ဘိုးဘွားပိုင် လယ်ယာမြေနှင့် အိမ်၊ ခြံ၊ မြေများကို ဘာသာခြားများသို့ မရောင်းချရေး၊ ဘာသာခြားများထံတွင် ဈေးဝယ်ခြင်း မပြုရေး၊ အမျိုးသမီးများကို ဘာသာခြား အမျိုးသားများနှင့် ထိမ်းမြားလက်ထပ်ခြင်း မပြုရေး စသည် လှုပ်ရှားမှုများကို အဖွဲ့အတွင်း ပြောဆိုစည်းရုံးခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် မဘသ၏ ဒုတိယအကြိမ် နှစ်ပတ်လည် ညီလာခံတွင် ဒုတိယဥက္ကဋ္ဌ ဆရာတော်က အောက်ပါအတိုင်းပင် သြဝါဒပေး မိန့်ကြားခဲ့သည်။

“အဲဒီစည်းကမ်းချက်တွေဟာ အင်မတန်မှ အောင်မြင်ပါတယ် ဘုရား၊ အခုဘာသာခြားတွေ ဘာပြောလာလဲ၊ ပိုက်ဆံရှိတယ်၊ မြေဝယ်လို့ မရဘူး၊ လုပ်ငန်း ဘယ်လိုတိုးချဲ့မလဲ၊ ဒီအခက်အခဲတွေ သူတို့ အများကြီး ကြုံတွေ့ရပါတယ်။ ဝယ်ပြီဆိုရင်လည်း တပည့်တော်တို့ မဘသအဖွဲ့က မနေဘူး၊ တားတယ်၊ ကန့်ကွက်တယ်၊ တားတယ်။ ကန့်ကွက်လိုက်တယ်ဆိုရင် သူတို့ ဝယ်လို့ မဖြစ်တော့ဘူး။ ဝယ်ပြီးသားကိုလည်း နေလို့မရအောင် တားတယ်၊ နေခွင့်မရဘူး။ ဒါတွေဟာ ရပ်တိုင်းရပ်တိုင်း ရွာတိုင်းရွာတိုင်း၊ မြို့တိုင်းမြို့တိုင်း လုပ်သင့်တဲ့ အလုပ်တွေပါ ဘုရား”

ထင်ရှားသည့် အမျိုးသားရေးဝါဒီ ဆရာတော်တစ်ပါး ဖြစ်သူ ဦးဝီရသူဆိုလျှင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီးလီကို ‘ပြည့်တန်ဆာမ’ အဖြစ် လူသိရှင်ကြား ဆဲရေးခဲ့သည်။
သို့သော် ဦးသိန်းစိန်အစိုးရက ယင်းအပြုအမူများကို မျက်ကွယ်ပြုခဲ့သည်။

မြန်မာပြည်၏ အကြီးမားဆုံး ဒီမိုကရေစီ အင်အားစု ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မဘသတို့အကြား ယင်းအချိန်ကတည်းက မကြေလည်မှုများ ရှိခဲ့ခြင်း ဖြစ်သည်။

NLD အနေနှင့် မဘသကို ထောက်ခံခြင်း မပြုခဲ့သလို လွှတ်တော်တွင်း တင်သွင်းလာသော မျိုးစောင့်ဥပဒေများကို ထိုစဉ်က လွှတ်တော်တွင်းရှိ ၎င်း၏ အမတ်အားလုံး ကန့်ကွက်မဲပေးခဲ့သည်။ ယင်းကတစ်ဆင့် NLD မှာ မဘသအဖွဲ့၏ ရန်သူသဖွယ် ဖြစ်လာပြီး ရွေးကောက်ပွဲအထိ ဇာတ်ကြောင်းဆက်ခဲ့ခြင်း ဖြစ်သည်။

မဘသ၏ အန္တရာယ်ကို ကြောက်ရွံ့၍ ရွေးကောက်ပွဲတွင် မွတ်ဆလင် အမတ်လောင်း တစ်ယောက်တလေမျှ မရွေးချယ်ခဲ့ဟု NLD ခေါင်းဆောင် ဦးဝင်းထိန်က ရွေးကောက်ပွဲကြို ကာလတွင် ပွင့်ပွင့်လင်းလင်းပင် ပြောဆိုခဲ့သည်။ မွတ်ဆလင် အမတ်လောင်းကို ရွေးချယ်ခြင်းကြောင့် ရွေးကောက်ပွဲတွင် အနိုင်မဲများ လျော့နည်းမည်ကို စိုးရိမ်ကြောင်း သူက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD တောင်ပြိုင်ကမ်းပြို အနိုင်ရရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း မဘသအဖွဲ့ အနေနှင့် အရှိန်တန့်သွားခြင်း မရှိပေ။

ရွှေတိဂုံစေတီတော် ခြေရင်းတွင် ဈေးရောင်းချနေသည့် ဘာသာခြား အမျိုးသားတစ်ဦးကို နေရာမှ ဖယ်ရှားခဲ့သည့် လုပ်ဆောင်မှုမျိုးကိုလည်း လုပ်ဆောင်ခဲ့သလို တရားရေး ကိစ္စများတွင်လည်း အဖွဲ့ဝင် ရဟန်းတော်အချို့က ဝင်ရောက်စွက်ဖက်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

ဦးဝီရသူကလည်း သူ၏ လူမှုကွန်ရက် Facebook စာမျက်နှာမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်တိုက် တိုက်ခိုက်ခဲ့သလို အငြင်းပွားဖွယ်ရာ စကားလုံးများဖြင့် အခြားဘာသာဝင် (အထူးသဖြင့် အစ္စလာမ် ဘာသာဝင်) များအပေါ် တိုက်ခိုက်ခဲ့သည်။

ယင်းသို့သော အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသအဖွဲ့ မလိုအပ်ဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မဟနအဖွဲ့ကြီး၏ ထုတ်ပြန်ကြေညာမှုနှင့်ပင် ဇာတ်လမ်းသည် အဆုံးမသတ်သေးပါ။ ယင်း၏ နောက်ဆက်တွဲအဖြစ် မဘသအဖွဲ့ ဆက်လက်တည်ရှိရေး၊ မရှိရေး အထိပါ ခရီးရောက်ခဲ့သည်။

မဟနအဖွဲ့ကြီး ထုတ်ပြန်မှု နောက်ပိုင်းတွင် မဘသအဖွဲ့ကလည်း ကြေညာချက် နောက်တစ်စောင်ကို ထပ်မံထုတ်ပြန်ခဲ့သည်။ ၎င်းတို့သည် သံဃာ့အဖွဲ့အစည်း မဟုတ်ဘဲ အမျိုးဘာသာ၊ သာသနာဆိုင်ရာ လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များ စုပေါင်းဖွဲ့စည်းထားသည့် ‘သာသနာပြု အဖွဲ့အစည်းကြီး’ ဖြစ်သည်ဟု ဆိုသည်။

ယင်းအပြင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၃၅၄ နှင့် ၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၁၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေနှင့် ညီညွတ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခင်ထုတ်ပြန်ချက်တွင် ပါရှိသည့် ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးမှ ပေါက်ဖွားလာခြင်း၊ သံဃနာယက လက်စွဲပါ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း (သံ/စည်း) လုပ်ထုံး လုပ်နည်းများနှင့်လည်း ညီညွတ်သည်ဆိုသည့် အချက်တို့ကို အသုံးမပြုတော့ပေ။ သို့သော် ယခင်က ယင်းသို့ သုံးနှုန်းပြောဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်လည်းမဖြေရှင်းတော့ပေ။

မဘသအဖွဲ့ကြီးသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားစေရေးတို့ အတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို စွမ်းနိုင်သမျှ ကြိုးစားအားထုတ်ခဲ့ကြောင်း လေသံအတန်အသင့် ပြောင်းကာ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းအပြင် မဘသအဖွဲ့ဝင် ရဟန်းရှင်လူ ပြည်သူများအနေဖြင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများအား မပြစ်မှားကြဘဲ မိမိတို့ လုပ်ဆောင်နေကျ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းများကို စိတ်အေးချမ်းသာစွာ ဆက်လက်ဆောင်ရွက်ကြရန်ဟူ၍ တိုက်တွန်းထားသည်။

မဟန ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သောကြောင့် တုံ့ပြန်သွားမည် မဟုတ်ဘဲ မဘသအဖွဲ့ အနေနှင့် ပုံမှန်အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်သည့် ဒေါက်တာအရှင်သောပါက မိန့်ကြားသည်။

မဟန၏ ထုတ်ပြန်မှုအပြီး နောက်တစ်ရက်တွင်ပင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ယခုကဲ့သို့ ပြောဆိုသည်။
“ဒီမိုကရေစီကို နောက်ပြန်သွားလိုတဲ့၊ အာဏာရှင်စနစ်ကို အသက်သွင်းလိုတဲ့ လူပုဂ္ဂိုလ်တစ်စု တစ်ဖွဲ့ရဲ့ လက်ကိုင်တုတ် အဖြစ်နဲ့ အသုံးချခြင်း မခံဘူး ဆိုရင်တော့ ဒါ ရေရှည်ရပ်တည်နိုင်မယ့် လူမှုရေး၊ အမျိုးသားရေးအဖွဲ့ တစ်ဖွဲ့ အဖြစ်နဲ့ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်”

ယင်းအပြင် ဘာသာတစ်ခုနှင့်တစ်ခု အကြား မုန်းတီးစေမည့် အမုန်းစကားများကိုလည်း မပြောဆိုရန် လိုလိမ့်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

သို့ဆိုလျှင် ၂၀၀၈ အခြေခံဥပဒေပါ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်နှင့်အညီ ဆက်လက်ရပ်တည်နိုင်မည်ဟု ဆိုသည်။

“တည်ငြိမ်အေးချမ်းဖို့ နိုင်ငံတော်က ကြိုးပမ်းနေချိန်မှာ ဘာသာရေးကို အကြောင်းပြုပြီး ဘာသာတစ်ခုနဲ့ တစ်ခု လူမျိုးတစ်ခုနဲ့ တစ်ခုကြားမှာ ပဋိပက္ခ ဖြစ်အောင် အမုန်းစကားဖြန့်မယ် ဆိုရင် မဘသရဲ့ အဖွဲ့ကြီးရဲ့ အနာဂတ်က တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

မဘသအဖွဲ့ကြီးသည် အကြီးမားဆုံး သံဃာ့အဖွဲ့အစည်းကြီး၏ ထောက်ခံမှုကို မခံရတော့ချိန်အတွင် မဘသအဖွဲ့အတွင်း ထင်ရှားသည့် ဆရာတော် ဦးဝီရသူကမူ တစ်ကိုယ်တော် ဆက်လက်လှုပ်ရှားမည့် အရိပ်ယောင်ပြလာသည်။

၎င်း၏ တစ်ကိုယ်တော် သဘောထား ကြေညာချက်ကို ဇူလိုင်လ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများသည် နိုင်ငံတော်အစိုးရ သာသနာရေး ဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် အလျှောက် အစိုးရ အစဉ်အဆက်၏ သဘောထားအတိုင်း ဆောင်ရွက်ရခြင်း ဖြစ်သောကြောင့် ၎င်းအဖွဲ့၏ ကြေညာချက်အပေါ် အထူးတလည် ခံစားဖွယ်ရာ မဟုတ်ကြောင်း ၎င်း၏ တစ်ဦးတည်း သဘောထားကို ထုတ်ပြန်ခဲ့သည်။

၎င်းအနေနှင့် အစိုးရက ရန်သူတော် နံပါတ်တစ်အဖြစ် သဘောထားကာ ဆက်လက်ရန်ရှာမည် ဆိုပါကလည်း အမျိုးသားရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

၎င်းအနေနှင့် ယခင်ကလည်း (၁၉၉၇ ခုနှစ်မှ ၂၀၀၃ ခုနှစ် အကျဉ်းမကျမီအထိ) အမျိုးသားရေး လှုပ်ရှားမှုများကို တစ်ကိုယ်တော် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး ၂၀၁၂ ခုနှစ် (အကျဉ်းထောင်မှ လွတ်မြောက်လာချိန်) တွင်လည်း တစ်ကိုယ်တော် အဖြစ်သာ လှုပ်ရှားခဲ့ကြောင်း ဖော်ပြထားသည်။

ဦးဝီရသူ အနေနှင့် အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ‘အမျိုးသမီး အာဏာရှင်’ အဖြစ်ပင် သုံးနှုန်းခဲ့သည်။

မြန်မာပြည်သည် ထေရဝါဒ သာသနာတော်၏ နောက်ဆုံးခံတပ် ဖြစ်သကဲ့သို့ မဘသအဖွဲ့ကြီးသည် နောက်ဆုံးခံတပ်၏ ရှေ့တန်းတပ်မှူးများ ဖြစ်သည့် အားလျော်စွာ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်ဖြင့် နောက်ဆုံးထွက်သက်အထိ ဓမ္မဝိနယ ဥပဒေဘောင် အတွင်းမှ ခုခံကာကွယ်သွားမည်ဟု ဦးဝီရသူက ဆိုသည်။

အဖွဲ့ဝင်တချို့၏ အစွန်းရောက် ပြောဆိုမှုများသည် တစ်ဦးချင်း သဘောထားသာ ဖြစ်ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ကြောင်း ဒေါက်တာအရှင်သောပါကက ထပ်မံမိန့်ကြားသည်။
“ဘုန်းဘုန်းတို့ မူဝါဒ မဟုတ်ဘဲ ကာယံကံရှင်ရဲ့ တစ်ဦးပုဂ္ဂလ ပြောတာကို လွတ်လပ်စွာ ကွဲလွဲခွင့် ရှိနေတယ်။ ဒါကို ကိုယ်စားပြုပြီး အပြစ်ပြော တိုက်ခိုက်တာတွေ ရှိကောင်းရှိမယ်။ ပြောတဲ့သူက ကိုယ့်ကံကြမ္မာနဲ့ ကိုယ်ပဲ”

လက်တလောတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ညစ်ညမ်းစွာ ဆဲရေးမှုဖြင့် ဦးဝီရသူကို တရားစွဲဆိုနိုင်ရန် လူတစ်ဦးက တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်သည့် ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။ မဘသ၏ အကျနှင့်အတူ ဦးဝီရသူပါ ကံကြမ္မာ တူပြီလော။

မဟနအဖွဲ့က သံဃအဖွဲ့အစည်း မဟုတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ခြင်းကြောင့် မဘသသည် သာမန်အရပ်ဘက် အဖွဲ့အစည်းတစ်ခု ဖြစ်သွားပြီး အစိုးရအနေနှင့် ကိုင်တွယ်ရ ပို၍လွယ်ကူသွားစေကြောင်း ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (SNDP) မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သူ ဦးရဲထွန်းက သုံးသပ်သည်။

ယင်းကြောင့် အဆိုပါ အဖွဲ့ဝင်များ၏ ဥပဒေနှင့် မညီသည့် ပြောဆိုမှုများ၊ လုပ်ရပ်များ အတွက်လည်း အရေးယူနိုင်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နဂိုကတော့ ဥပဒေ ချိုးဖောက်ရင်လည်း လူတွေက မထိပါးရဲဘူး၊ သြဇာအာဏာကြီးတယ်” ဟု ၎င်းက ဆိုသည်။

ယခင်အစိုးရ လက်ထက်က မျက်ကွယ်ပြုထားခြင်းကြောင့် နိုင်ငံတကာ၏ အမြင်တွင် အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့ဟု ရှုမြင်ခြင်း ခံရကြောင်း ဦးရဲထွန်းက ဆိုသည်။ လက်ရှိအစိုးရအနေနှင့် ဥပဒေ ချိုးဖောက်မှုများကို ခွင့်မပြုတော့သင့်ကြောင်း ၎င်းင်းက ထပ်လောင်းပြောဆိုသည်။
“အဲဒီလို လုပ်လိုက်လို့ ရှိရင်တော့ ငြိမ်သွားတဲ့ အတွက်ကြောင့် ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာ ပုံရိပ်ကလည်း ပြန်တက်လာမှာပေါ့”

မဘသမှာ ယခင် တပ်မတော်အစိုးရ ခေါင်းမာဂိုဏ်းသားအချို့က ဒီမိုကရေစီအရေး အားပျော့ရန် အသုံးချသော လက်ကိုင်တုတ်အဖွဲ့ အဖြစ်ပင် ပြည်တွင်းနှင့် နိုင်ငံတကာက စွပ်စွဲမှုများ ရှိခဲ့သည်။

၂၀၁၄ ခုနှစ်က East-West Center က ထုတ်ဝေသော Democratization, Nationalism and Communal Violence စာတမ်းတွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ဗုဒ္ဓဘာသာ အမည်တပ် အမျိုးသားရေးနှင့် အမုန်းတရား ဖြန့်ဝေရေး လှုပ်ရှားမှုများကြောင့် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အကျဘက်သို့ ရောက်သွားစေနိုင်ကြောင်း သတိပေး ရေးသားထားသည်။

ယခုကဲ့သို့ မဘသ၏ အားပျော့ချိန် အစပျိုးလာခြင်း၊ အစွန်းရောက် အမျိုးသားရေး လှုပ်ရှားမှု အားလျော့လာခြင်းသည် မြန်မာ့ဒီမိုကရေစီခရီး ပိုအားကောင်းလာစေမည်လော။

မဟန၏ ကြေညာချက်ကို အပြတ်ထောက်ခံသည် ဆိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က အောက်ပါအတိုင်း မှတ်ချက်ပေးသည်။ 
“အခုအထိကတော့ မျှော်လင့်ချက် အများကြီးထားလို့ရပြီ”

သို့သော် ဦးဝင်းထိန် အဆိုအရ နောက်ထပ် ခလုတ်ကန်သင်းတစ်ခုမှာ အခြေခံဥပဒေ ပြောင်းလဲရေး။ ခရီးမှာ မဆုံးသေးပေ။

The Voice