News

POST TYPE

EDITOR PICK POST

မြန်မာဘက်မှ ဘင်္ဂါလီများနှင့် လက်ထပ်ထိမ်းမြားခွင့် ပိတ်ပင်မှုကို ဘင်္ဂလားဒေ့ရှ်တရားရုံး ထောက်ခံ
09-Jan-2018


ဒါကာ၊ ဇန်နဝါရီ ၉

မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာ သော ရိုဟင်ဂျာခေါ် ဘင်္ဂါလီများနှင့် လက်ထပ်ထိမ်းမြားခြင်းကို ပိတ်ပင်သည့်ဥပဒေကို ဘင်္ဂလားဒေ့ရှ် တရားရုံးကထောက်ခံကာ စီရင်ချက်ချမှတ်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းလက်ထပ်မှုသည် နိုင်ငံသားအဆင့် ရရှိရေးတွင် အလွဲသုံးစားပြုခံရနိုင်သည်ဟု အစိုးရက ပြောကြားပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်လူမျိုးများနှင့် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများအကြား လက်ထပ်ရန် မှတ်ပုံတင်မှုကို ၂၀၁၄ ဥပဒေက ပိတ်ပင်ထားသည်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံဘက်မှ ရိုဟင်ဂျာခေါ် ဘင်္ဂါလီငါးသိန်းခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာခဲ့သည်။

၁၈ နှစ်အရွယ် ဘင်္ဂါလီမိန်းကလေးကို လက်ထပ်ပြီးနောက် ရဲများထံမှ ရှောင်တိမ်းသွားသော ၂၆ နှစ်အရွယ် လူငယ်တစ်ဦး၏ ဖခင်ဖြစ်သူက ထိုအမှုကို တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရှိုအစ် ဟူစိန်ဂျူဝယ် လက်ထပ်သည့်ကိစ္စကို ရဲများကသိရှိပြီးနောက် အောက်တိုဘာလကတည်းက ၎င်းကို လိုက်လံရှာဖွေလျက်ရှိသည်။

ဟူစိန်ဂျူဝယ်သည် ဒေသခံ တရားဟော ဆရာတစ်ဦး၏အိမ်တွင် မိသားစုနှင့်အတူ တည်းခိုနေသော အဆိုပါ ရိုဟင်ဂျာမိန်းကလေးနှင့်တွေ့ဆုံပြီးနောက် သူမတို့ မိသားစု ပြန်သွားသောအခါ ဒုက္ခသည်စခန်းတွင် လိုက်လံရှာဖွေရန်အတွက် မိုင်ပေါင်း များစွာဝေးသောခရီးကို ထွက်ခွာသွားသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ဖြစ်ရပ်များ ဖြစ်ပွားမှုကြောင့် ရိုဟင်ဂျာခေါ် ဘင်္ဂါလီထောင်ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ နယ်စပ်ဖြတ်ကူးရောက်ရှိလာကြပြီးနောက်ပိုင်း အဆိုပါဖြစ်ရပ်သည် ဘင်္ဂလားဒေ့ရှ်နှင့် ဘင်္ဂါလီတို့အကြား ပထမဆုံး လက်ထပ်မှု ဖြစ်သည်ဟု သိရှိရသည်။

၂၀၁၄ ခုနှစ်က ထိုဥပဒေကိုရှင်းပြသော အစိုးရတာဝန်ရှိသူများက လက်ထပ်ထိမ်းမြားမှု စာရွက်စာတမ်းများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ် အပါအဝင် တရားဝင် အထောက်အထားများ ရရှိအောင် ကြိုးစားရာတွင် အလွဲသုံးစားပြုခြင်း ခံရနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထိုဥပဒေအရ ဘင်္ဂါလီနှင့် လက်ထပ်သူ မည်သူမဆို ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရနိုင်သည်။

ဟူစိန်ဂျူဝယ်၏ ဖခင်ဖြစ်သူက သားဖြစ်သူ၏ လက်ထပ်မှုကို သဘောတူကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဥပဒေအရ အရေးယူခြင်းကို သက်ညှာပေးရန် အသနားခံစာ တင်သွင်းခဲ့သည်။

“ဘင်္ဂလားဒေ့ရှ် လူမျိုးတွေဟာ ခရစ်ယာန်နဲ့ပဲဖြစ်ဖြစ်၊ တခြားဘာသာဝင်တွေနဲ့ပဲဖြစ်ဖြစ် လက်ထပ်နိုင်တယ်ဆိုရင် ကျွန်တော့်သားက ဘင်္ဂါလီနဲ့လက်ထပ်တာ ဘာမှားနေသလဲ”ဟု ၎င်းက AFP သို့ ပြောကြားသည်။

သို့ရာတွင် ၎င်း၏ထုချေမှုကိုဒါကာ အထက်ခုံရုံးက ပယ်ချလိုက်ပြီး ဒဏ်ငွေ တာကာတစ်သိန်း ပေးဆောင်ရန် တနင်္လာနေ့က အမိန့်ချခဲ့သည်။

ထို့ပြင် ၎င်း၏သားဖြစ်သူအား ဖမ်းဆီးခြင်းမှ ကင်းလွတ်ခွင့်ပေးရန် လျှောက်ထားခြင်းကိုလည်း ပယ်ချခဲ့သည်။

အဆိုပါစုံတွဲသည် ယခုစီရင်ချက်အပြီးတွင် နောက်ထပ် အရေးယူမှုများနှင့် ရင်ဆိုင်ရဦးမလား ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

F-04

  • VIA